၁၁.၉.၂၀၂၅
Written by Hey Mar
ဈေးကြိုပြန်လာတဲ့ကားနဲ့ ဘောက်စ်ကားတစ်စီး မီးပွိုင့်အဖြတ်မှာ တိုက်မိတာကြောင့် ဈေးကြိုကားပေါ်က ယာဉ်မောင်း သေဆုံးကာ လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ် နဝဒေးမီးပွိုင့်မှာဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့မနက် ၆ နာရီ အချိန်ခန့်မှာ ဖြစ်ပွားခဲ့ပြီး မီးပွိုင့်ကိုအတည့်ဖြတ်မယ့် ဘောက်စ်ကားက ကွေ့ကြောကနေ လမ်းမယူဘဲ တည့်ကြောကနေ လမ်းယူကာ မြောက်ဥက္ကလာဘက်သွားတဲ့ လမ်းကိုကွေ့ဝင်တဲ့ ဈေးကြိုကားရဲ့ ခါးလည်ကို ဖြတ်တိုက်မိတာကြောင့် ဈေးကြိုကားတိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
ယာဥ်တိုက်မှူဖြစ်ပွားနေရာကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုကူညီရေးအသင်းတွေ ရောက်ရှိခဲ့ကြပြီး စျေးကားတိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ အနီရောင်အဆင့် ဒဏ်ရာတွေရရှိခဲ့ပြီး ဆေးရုံတင်ပို့နေစဉ် လမ်းမှာတင် သေဆုံးခဲ့ကာ ယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီး ကိုးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပေါက်ပြဲ သွေးထွက် ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ လူနာတွေကို မြန်မာ့ကြယ်ဖြူ လူမှုကူညီရေး၊ လှိုင်လူမှုကူညီရေးနဲ့ ကောင်းမှုဆောင် လူမှုကူညီရေးအသင်းတို့က မြေပြင်ပြုစုပေးကာ အရေးပေါ် လူနာတင်ယာဉ် ၅ စီးနဲ့ မြောက်ဥက္ကလာဆေးရုံဆီ အချိန်နဲ့တစ်ပြေးညီ ကုသမှုခံယူနိုင်အောင် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။



