၁၀.၉.၂၀၂၅
Written By Thandar
ပရိသတ်တွေ ဘဝအမောတွေပြေစေမယ့် ဟာသဇာတ်လမ်းပုံစံ “အကြီးကြီး”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲကို စက်တင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီနေ့ကတော့ ကိုယ့်မွေးနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်ကားမိတ်ဆက်နဲ့ ကွက်တိဖြစ်သွားတာပါ။ တိုက်ဆိုင်သွားလို့ ဝမ်းသာရပါတယ်။ ပွင့်မွေးနေ့မှာ ပဲပြုတ်ကလည်း ဟော့ဖြစ်တော့ အမနဲ့ အကိုနဲ့ တိုင်ပင်ပြီး လှူဖြစ်ပါတယ်။ ပွင့်တို့က ပရိသတ်တွေကို ဘဝအမောတွေပြေစေမယ့် မတူညီတဲ့ ဇာတ်လမ်းပုံစံမျိုးနဲ့ ရိုက်ကူးပုံဖော်ခဲ့တာပါ။ ဖွေးနဲ့ ပွင့်တို့ကလည်း ဟိုအရင် ဟာသဇာတ်ကားရိုက်ထားတဲ့အခံလေးရှိတာကြောင့်မို့ ရိုက်ရတာ အရမ်းလည်း အဆင်ပြေကြတယ်။ ဒီအထဲမှာ တချို့အနုပညာရှင်တွေလည်း အခန်းတွေ အများကြီးမပါပေမယ့် အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ထားကြတယ်ဆိုတော့ ပရိသတ်တွေအကြိုက်တွေ့စေမယ့် ဖိုးတွမ်တီးပုံစံလေးလည်း တွေ့ရမှာပါ”လို့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း ဒါရိုက်တာ ပွင့်သိင်္ဂီဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ အကယ်ဒမီဖွေးဖွေး၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခွန်းည၊ ငှက်ပျောကြော်၊ စိုးမိုးကြည်၊ ယွန်းရွှေရည်၊ ဝိုင်းဝိုင်းလည်၊ အထူးဧည့်သည်သရုပ်ဆောင် အကယ်ဒမီခြူးလေး၊ သိန်းလင်းစိုး၊ ညီညီမောင် (စမ်းချောင်း) စတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
အကြီးကြီးရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာ ၂၆ ရက်မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာလည်းဖြစ်ပါတယ်။
#အကယ်ဒမီနေဝင်း #အကယ်ဒမီဖွေးဖွေး #ခွန်းည #သိန်းလင်းစိုး #NayWin #PhwayPhway #PwintTheingiZaw #KhunNya #TheinLinnSoe #MyanmarActor #MyanmarCele #အကြီးကြီးရုပ်ရှင်ဇာတ်ကား






