၁၀.၉.၂၀၂၅
Written by Thiri
တစ်ရက်ကို လေးနာရီ အလုပ်လုပ်ရမယ့် အချိန်ပိုင်းအလုပ်အဖြစ် City Mart Holding Co.Ltd ကနေ ပထမဦးဆုံးအနေနဲ့ အချိန်ပိုင်းအလုပ် အစီအစဥ်ကို စတင်မိတ်ဆက်ပြီး အချိန်ပိုင်းအလုပ်သမား လျှောက်ထားနိုင်ကြောင်း ခေါ်ယူမှုမှာ စိတ်ဝင်စားသူများနေသလို များပြားလှတဲ့လျှောက်ထားလိုသူတွေကလည်း အဆိုပါ City Mart Holding Co.Ltd ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်က ကြေညာချက်အောက်မှာ စုံစမ်းမေးမြန်းတာတွေကို တွေ့မြင်ရပါတယ်။
မိတ်ဆက်ခေါ်ယူထားတဲ့ အချိန်ပိုင်းအလုပ်က ကျောင်းသူကျောင်းသားတွေ၊ အိမ်ထောင်ရှင်မတွေနဲ့ အငြိမ်းစားယူထားသူတွေလည်း လျှောက်ထားလုပ်ကိုင်နိုင်တယ်လို့ ပါရှိပါတယ်။ လုပ်ငန်းခွင်အထောက်အပံ့အဖြစ် ယူနီဖောင်းနဲ့ လုပ်ငန်းစဥ်အတွက် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေရရှိနိုင်မှာဖြစ်ပြီး လျှောက်ထားရမှာက အီးမေးလ်လိပ်စာ Email: [email protected] ဒါမှမဟုတ် ပဒုမ္မာအားကစားရုံဝင်း၊ ဗားကရာလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့က City Mart ရုံးချုပ်နဲ့ နီးစပ်ရာ Ocean ဆိုင်ခွဲတွေမှာ လျှောက်လွှာပေးပို့ လျှောက်ထားနိုင်ကြောင်း အသိပေးထားပြီး Viber နဲ့ Telegram နံပါတ် 09459198843 ,09259256796 ကတော့ ချိတ်ဆက်လို့မရတာကိုလည်း MT News က ဆက်သွယ်ကြည့်မှုအရရော၊ ကြော်ငြာထားတဲ့ ပို့စ်အောက်က စုံစမ်းမေးမြန်းသူတွေရဲ့ ပြောဆိုမှုတွေအရပါ သိရပါတယ်။
City Mart Holding Co.Ltdရဲ့ အသေးစိတ်ကြေညာချက်တချို့မှာ တာဝန်ထမ်းဆောင်ရမယ့် နေရာတွေကို ကြေညာထားတာလည်း တွေ့ရပါတယ်။ အဲ့ဒါတွေက City Mart, Market palace, Ocean Super Center နဲ့ Mini City Mart တွေလို့ သိရှိရပြီး အလုပ်ချိန်တွေက မနက် ၇ နာရီကနေ ၁၁ နာရီ၊ ၉ နာရီကနေ ၁ နာရီ၊ ၁၂ နာရီကနေ ညနေ ၄ နာရီ၊ ၁ နာရီ ကနေ ညနေ ၅ နာရီနဲ့ ညနေ ၄ နာရီကနေ ည ၈ နာရီအထိလို့ သိရပါတယ်။
လုပ်ခလစာအနေနဲ့ အလုပ်ဆင်းတဲ့ အချိန်ပေါ်မူတည်ပြီး လုပ်ခလစာတွက်ချက်ပေးသွားမယ်လို့ ဖော်ပြထားသလို အခြေခံလုပ်ခလစာကို ဘယ်လို သတ်မှတ်တွက်ချက်ပေးမယ်ဆိုတာတော့ အသေးစိတ်မကြေညာထားဘဲ လျှောက်ထားသူနဲ့ ကုမ္ပဏီကြား တိုက်ရိုက်ချုပ်ဆိုတဲ့ အချိန်ပိုင်းအလုပ်သမားသဘောတူစာချုပ်မှာသာ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
အာဆီယံနိုင်ငံတွေအတွင်း ကျင့်သုံးနေတဲ့ ၁၉၉၆ ခုနှစ်က ပြဌာန်းထားတဲ့ အလုပ်သမားဥပဒေမှာတော့ အချိန်ပိုင်းအလုပ်သမားတစ်ဦးက တစ်ပတ်ကို ၃၅ နာရီထက် မပိုတဲ့ အလုပ်ချိန် ကိုလုပ်ကိုင်ရမှာ ဖြစ်တယ်လို့ တွေ့ရပါတယ်။
အချိန်ပြည့်ဝန်ထမ်းတစ်ဦးရဲ့ တစ်နေ့ ၈နာရီ၊ တစ်ပတ် ၄၄ နာရီ အလုပ်ချိန်မှာ အချိန်ပိုင်းဝန်ထမ်းက တစ်ပတ် ၂၂ နာရီလို့ သတ်မှတ်ပေးထားပါတယ်။
လုပ်အားခ တွက်ချက်မှုက အချိန်ပြည့်ဝန်ထမ်းနဲ့ တူညီတဲ့ တွက်ချက်မှုအတိုင်း တွက်ချက်ခံစားခွင့်ပေးထားသလို၊ နိုင်ငံပေါ်မူတည်ပြီးဥပဒေအရ အချိန်ပြည့်ဝန်ထမ်းတွေရရှိတဲ့ ချေးငွေ၊ အရစ်ကျဝယ်ယူခွင့် စတာတွေမှာတော့ အချိန်ပိုင်းဝန်ထမ်းက ခံစားခွင့်မရှိဘူးလို့ ဥပဒေပညာရှင်တစ်ဦးက အလုပ်သမားအက်ဥပဒေနဲ့ပတ်သက်လို့ တချို့ကို ရှင်းပြပါတယ်။
City Mart Holding Co.Ltd က ပထမဆုံးစတင်ဖော်ဆောင်လိုက်တဲ့ အချိန်ပိုင်းအလုပ်အကိုင်ဝန်ဆောင်မှုက တစ်ပတ်ကိုအနည်းဆုံး ၆ ရက် အလုပ်ဆင်းပေးနိုင်ရမယ်လို့ ပါရှိပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့ အချက်အလက်တွေက ဘွဲ့ရ (သို့မဟုတ် ) တက္ကသိုလ်ဝင်တန်း တက်ရောက်ဖူးသူ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး အသက်အရွယ် ကန့်သတ်ချက်က ဒီတစ်ခုတည်းမို့ အသက်အရွယ်မရွေး လုပ်ငန်းကို စိတ်ပါဝင်စားတဲ့ ကျန်းမာသန်စွမ်းသူ မည်သူမဆို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အချိန်ပိုင်းအလုပ်က ပညာရေးကဏ္ဍမှာ တချို့ရှိပေမယ့် တိတိကျကျ ဥပဒေနဲ့အညီ သတ်မှတ်ပေါ်ထွက် ခေါ်ယူတာမျိုးမရှိခဲ့ဘဲ အခုလို City Mart Holding Co.Ltdရဲ့ အချိန်ပိုင်းခေါ်ယူတဲ့ ပုံစံမျိုး အခြား အရောင်းပိုင်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း လုပ်ကိုင်ခွင့် အခွင့်အလမ်းတစ်ရပ် ဖြစ်ပေါ်လာစေဖို့ မျှော်လင့်ကြောင်း၊ အဆိုပါ လူမှုကွန်ရက်က အလုပ်အကိုင်အခွင့်လမ်းကြော်ငြာစာအောက်မှာ ဝိုင်းဝန်းမှတ်ချက်ပြုနေတာလည်း တွေ့ရပါတယ်။
