၁၀.၉.၂၀၂၅
Translated by Htwe Ko Tun
နီပေါနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်မှ စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေပြုလုပ်လာကြပြီး အစိုးရ အဆောက်အအုံတွေ၊ ပုဂ္ဂလိကနေအိမ်တွေကို ဝင်ရောက်စီးနင်းမီးရှို့မှုတွေပါ စက်တင်ဘာလ ၉ ရက်မှာ လျင်မြန်စွာဖြစ်ပွားလာခဲ့ပြီးနောက်မှာတော့ နီပေါစစ်တပ်က နိုင်ငံတွင်း လုံခြုံရေး လုပ်ငန်းတွေကို အင်္ဂါနေ့ (စက်တင်ဘာ ၉ ရက်၊ ၂၀၂၅) ညပိုင်းမှ စတင်တာဝန်ယူလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
အိန္ဒိယအစိုးရကလည်း နီပေါရှိ အိန္ဒိယလူမျိုးတွေကို အိမ်တွင်းမှာသာနေကြဖို့နဲ့ လှည့်ပတ်သွားလာမှု မလုပ်ကြဖို့ တိုက်တွန်းချက်ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယ လေကြောင်းလိုင်း အများအပြားဟာ ခတ္တမန္ဒူမြို့ကို အသွားအလာ ပျံသန်းမှုတွေကိုလည်း ရပ်နားထားပါတယ်။။
နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေကိုပိတ်ပင်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ Gen Z အမည်ခံ ကျောင်းသားတွေဦးဆောင် စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီရဲ့ နိုင်ငံအုပ်ချုပ်ရေးစနစ်နဲ့ နိုင်ငံအတွင်း သာမန်ပြည်သူတွေအပေါ် အဂတိလိုက်စားမှုပြုတာနဲ့ စိတ်ဝင်စားမှုမရှိတာတွေအပေါ် လူထုဝေဖန်မှုကို ထင်ဟပ်စေတဲ့ လှုပ်ရှားမှုကြီးအဖြစ် ကြီးထွားလာခဲ့တာပါပဲ။
လူမှုကွန်ရက်တွေအပေါ် ပိတ်ပင်မှုကို စက်တင်ဘာလ ၈ ရက် ညနှောင်းပိုင်းမှာ ရုပ်သိမ်းလိုက်ပေမယ့် ကြီးမားသောဆန္ဒပြမှုတွေနဲ့ ဆက်လက်ရင်ဆိုင်ရပြီးနောက် ဝန်ကြီးချုပ် အိုလီဟာ စက်တင်ဘာလ ၉ ရက်မှာ ရာထူးမှနုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဆန္ဒပြမှုတွေက နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားလာခဲ့ပြီး လူ ၂၂ ဦးထိ သေဆုံးလာခဲ့ပြီးနောက် စက်တင်ဘာလ ၉ ရက်မှာတော့ ဆန္ဒပြသူတွေက အစိုးရ အဆောက်အအုံ အများအပြားကို ၀င်ရောက်စီးနင်းကာ လွှတ်တော်အဆောက်အအုံနဲ့ ထိပ်တန်းခေါင်းဆောင် အများအပြားရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အထိ အကြမ်းဖက်လာကြတာပါ။။
နီပေါစစ်တပ်က နိုင်ငံတွင်း လုံခြုံရေးတာဝန်ယူခဲ့ပြီးနောက် စက်တင်ဘာလ ၁၀ ရက်မှာတော့ နီပေါစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ မြို့တော် ခတ္တမန္ဒူရဲ့ လမ်းတွေပေါ်မှာ စစ်သားတွေက ကင်းလှည့်စောင့်ရှောက်နေကြတယ်လို့ သိရပါတယ်။
နီပေါသမ္မတ ရမ်ချန်ဒရာ ပေါ်ဒယ်ဟာ နိုင်ငံတွင်း ဖြစ်ပွားနေတဲ့ Gen Z ခေါ်တဲ့ လှုပ်ရှားဆန္ဒပြမှုတွေအတွက် ငြိမ်းချမ်းစွာ အဖြေရှာဖို့ စက်တင်ဘာလ ၁၀ ရက်မှာ ဆန္ဒပြပြည်သူတွေနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။
Ref- The Hindu



