၁၀.၉.၂၀၂၅
Translated by Htwe Ko Tun
အာရှတိုက်ရဲ့ အိမ်နီးချင်းသုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားနိုင်ငံနဲ့ မွန်ဂိုလီးယားနိုင်ငံတို့ဟာ သူတို့ရဲ့ ပထမဆုံးသော နယ်စပ်ကာကွယ်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို “နယ်စပ်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၂၀၂၅” အမည်နဲ့ ပြုလုပ်ခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်မှ ၉ ရက်အထိ တရုတ်-ရုရှား-မွန်ဂိုလီးယားနယ်စပ်တစ်လျှောက်ရှိ တရုတ်နိုင်ငံရဲ့ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်ဇိုလီမြို့အနီးမှာ ပြုလုပ်တဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုက အကြမ်းဖက်အဖျက်အမှောင့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ရည်ရွယ်ပြီး အိမ်နီးချင်းသုံးနိုင်ငံက ပြုလုပ်ခဲ့တာလို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က လူမှုကွန်ရက်မှာ ပြောခဲ့ပါတယ်။

သူတို့သုံးနိုင်ငံရဲ့နယ်ခြားစောင့်တပ်တွေက ခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်စီစဉ်ပြုလုပ်ခဲ့တာလည်း အခုအကြိမ်က ပထမဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ PLA က ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်မှာ စစ်မြေပြင် ကင်းထောက်ရေဒါတွေ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ စက်ရုပ်ခွေးတွေကို လေ့ကျင့်မှုအတွင်း ဖြန့်ကျက်ပြသခဲ့ပါတယ်။
မြောက်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှ နယ်ခြားကာကွယ်ရေးတပ်ဖွဲ့အရာရှိ Zheng Zhongwen က တပ်ဖွဲ့တွေဟာ “စစ်မြေပြင်ကင်းထောက်ရုပ်မြင်သံကြား၊ ရေဒါ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ မောင်းသူမဲ့ မြေပြင်ယာဉ်တွေအပါအဝင် ခေတ်မီထောက်လှမ်းရေးနည်းလမ်းများစွာကို အသုံးပြုခဲ့တယ်”လို့ ပြောခဲ့ပါတယ်။
အဆိုပါနည်းပညာတွေက တပ်ဖွဲ့ဝင်တွေရဲ့ နယ်နိမိတ်ထိန်းချုပ်မှုစွမ်းရည်တွေကို အားကောင်းစေရုံမက နယ်ခြားဒေသစီမံခန့်ခွဲမှုအတွက် ခေတ်မီကိရိယာတွေကို အသုံးချနိုင်မှုကိုလည်း မြှင့်တင်ပေးခဲ့တယ်လို့ Zheng က ပြောခဲ့ပါတယ်။
PLA ရဲ့ ပြောကြားချက်အရ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ သုံးနိုင်ငံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့၊ နယ်စပ်လုံခြုံရေး ခြိမ်းခြောက်မှုတွေကို တွန်းလှန်နိုင်စွမ်း အားကောင်းစေဖို့နဲ့ မဟာဗျူဟာမြောက် ယုံကြည်အားထားရမှု တိုးမြင့်လာစေဖို့တို့အတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ တရုတ်နယ်မြေအတွင်း ပူးတွဲကွပ်ကဲရေးစခန်းတစ်ခု ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ လေ့ကျင့်မှုမှာ တပ်ဖွဲ့တွေ ပူးပေါင်းစီစဉ်တာ၊ ကင်းထောက်တာ၊ ပိတ်ဆို့တာ၊ လေကြောင်းတိုက်ခိုက်တာနဲ့လက်ဆင့်ကမ်းဆက်သွယ်ရေးလေ့ကျင့်ခန်းတွေ ပါဝင်ကြပါတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုအပြီးမှာ သုံးနိုင်ငံစလုံးက နယ်စပ်ရေးရာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားနဲ့ မွန်ဂိုလီးယား မီဒီယာတွေက အဆိုပါစစ်ရေးလေ့ကျင့်မှုဟာ သုံးနိုင်ငံဆက်ဆံရေးနီးကပ်မှု တိုးတက်လာတာရဲ့ သဘာဝရလဒ်အဖြစ် ဖော်ပြခဲ့ကြပါတယ်။ သုံးနိုင်ငံခေါင်းဆောင်တွေက တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြန်အစီအစဉ်ကို ၂၀၃၁ ခုနှစ်အထိ တိုးချဲ့သတ်မှတ်ဖို့နဲ့ ဆိုက်ဘေးရီးယား ၂ စွမ်းအင် ပိုက်လိုင်းအတွက် ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုကြဖို့ ပေကျင်းမြို့ ထိပ်သီးဆွေးနွေးပွဲမှာ အနီးကပ်တွေ့ဆုံကြအပြီး အခုလို သုံးနိုင်ငံ ပူးတွဲစစ်ဆင်ရေးကို ပြုလုပ်ခဲ့ကြတာပါ။
တရုတ်နဲ့ ရုရှားတို့ဟာ အနောက်အုပ်စုက ဦးဆောင်နေတဲ့လုံခြုံရေးမူဘောင်တွေကိုယှဉ်ပြိုင်ပြီး တခြားနည်းလမ်းတွေကို ရုပ်လုံးပုံစံဖော်နိုင်ဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်အသုံးပြုလာကြပါတယ်။
အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာရဲ့ အဆိုအရ နှစ်နိုင်ငံဟာ ၂၀၀၃ ခုနှစ်ကတည်းက မှတ်တမ်းတင်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အနည်းဆုံး ၁၁၀ ခု ပြုလုပ်ခဲ့ပြီး မကြာသေးမီနှစ်တွေအတွင်း အကြိမ်ရေ ပိုလိုတိုးမြင့်လာတယ်လို့ သိရပါတယ်။
ဩဂုတ်လအစောပိုင်းမှာ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံရေတပ်တို့ဟာ ဗလာဒီဗော့စတော့မြို့ အနီးရှိ ရေပြင်မှာ သူတို့နှစ်နိုင်ငံရဲ့ အကြီးအားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ “Joint Sea 2025” ကို ပြုလုပ်ခဲ့ပါတယ်။ ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှုမှာ တရုတ်ရေတပ်က Type 052D ဖျက်သင်္ဘောတွေဖြစ်တဲ့ Shaoxing နဲ့ Urumqi၊ ရုရှားရေတပ်က Admiral Tributs ရေငုပ်သင်္ဘော တိုက်ခိုက်ရေး သင်္ဘောတို့ပါဝင်ကြပြီး ရေငုပ်သင်္ဘော ကယ်ဆယ်ရေး၊ လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှုနဲ့ တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်မှုတို့ ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။။
ဩဂုတ်လ ၁၇ ရက်မှ ၂၈ ရက်အတွင်း ရုရှားနှင့် မွန်ဂိုလီးယားနိုင်ငံတို့သည် ဆိုက်ဘေးရီးယား အရှေ့ပိုင်းတွင် ကျင်းပပြီး ကြီးမားသော မြေပြင်စစ်ကစားလေ့ကျင့်မှုတွေ ပါဝင်တဲ့ “Selenga 2025” လေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြပါတယ်။ ရုရှားပိုင်နက်မှာ မွန်ဂိုရီးယားလေတပ်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး စစ်ဆင်ရေးတွေမှာ ပုံစံတူ အတုအယောင် မြင်ကွင်းတွေနဲ့အတူ ရုရှားတပ်ဖွဲ့တွေက ချေမှုန်းရေးကဏ္ဍအတွက် ဆိုင်ကယ်တွေနဲ့ ခြေလျင်တပ် ချေမှုန်းရေးယာဉ် Buggies တွေကို မိတ်ဆက်ပေးကာ သရုပ်ပြမှုတွေ ပါဝင်ပြီး ယူကရိန်းစစ်ပွဲမှာ အတွေ့အကြုံရှိတဲ့ သင်တန်းဆရာတွေက နည်းဗျူဟာပိုင်း လေ့ကျင့်ပေးခဲ့ကြတာပါ။
တရုတ်နှင့် မွန်ဂိုလီးယား နှစ်နိုင်ငံနယ်စပ်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး ၂၀၂၅ ခုနှစ် စစ်ကစား လေ့ကျင့်မှုတွေကိုလည်း ရှင်ကျန်းယူအိဂ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ သြဂုတ် ၁၅ ရက်က ပြုလုပ်ခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အကြီးတန်းဗိုလ်မှူးကြီး Jiang Bin က အတည်ပြု ပြောကြားခဲ့ပါသေးတယ်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုမှာတော့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို နှိမ်နင်းဖို့နဲ့ နှစ်နိုင်ငံနယ်စပ် စီမံခန့်ခွဲမှု မြှင့်တင်ရေးတို့ကို အဓိကထား လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Ref- SCMP
