◾ ရွေးကောက်ပွဲ ပါဝင်ယှဥ်ပြိုင်လိုသော NDF ပါတီဝင်များ တစ်သီးပုဂ္ဂလ သို့မဟုတ် နိုင်ငံရေးယုံကြည်ချက် တူညီသော နိုင်ငံရေးပါတီများမှ ပါဝင်ယှဉ်ပြိုင်ကြရန်ပါ တိုက်တွန်း
MT News
၁၀.၉.၂၀၂၅
ပါတီဝင်ဦးရေ ၈၈၈၂၀ဦးနှင့် မြို့နယ်ရုံးခန်း ၁၁၇ရုံးအား ပေးပို့ တင်ပြခဲ့ပါသော်လည်း ပါတီဝင်ဦးရေပြည့်မီခြင်းမရှိသဖြင့်ဟုဆိုကာ ပါတီဖျက်သိမ်းခံရမှုအပေါ် မဲဆန္ဒရှင်ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဝင်များသို့ ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ မေတ္တာရပ်ခံ ပန်ကြားလွှာ ယနေ့ ထုတ်ပြန်လာသည်။
၂၀၂၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် NDF ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်၍ ပါတီရုံးခန်းပြည့်မှီရေး၊ ပါတီဝင်အင်အား ရရှိရေးအတွက် နိုင်ငံရေး အကျပ်အတည်းများ ကြားမှ ကြိုးစားခဲ့ရသည်။ UEC၏ သတ်မှတ်ရက် စက်တင်ဘာ ၇ ရက်နေ့အမှီ ပါတီဝင်ဦးရေ ၈၈၈၂၀ဦးနှင့် မြို့နယ်ရုံးခန်း ၁၁၇ ရုံးအား ပေးပို့ တင်ပြခဲ့သည်။ သို့ပါသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက် အမှတ် ၉၅/၂ဝ၂၅ အရ ပါတီဝင်ဦးရေပြည့်မီခြင်းမရှိသဖြင့် NDFပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ခမောက်ပါတီ အနေဖြင့် လက်ရှိ ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းတွင် ဆက်လက်ပါဝင်ရန်အခွင့်အရေးဆုံးရှူံးခဲ့ရသည့် အပေါ် မဲဆန္ဒရှင် ပြည်သူများအား အနူးအညွှတ် တောင်းပန်အပ်ပါသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အခွင့်အရေး ရှိခဲ့ပါက ယခု ရွေးကောက်ပွဲတွင် ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းလျက် ရှိသလို မိမိတို့အနေဖြင့် နိုင်ငံရေးနည်းလမ်းအား မမှိတ်မသုန် ဆက်လက်ကိုင်စွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတိုင်းပြည် အသွင်ကူးပြောင်းရေးကဏ္ဍများတွင်လည်း တတ်စွမ်းနိုင်သော ကိုယ်စွမ်းဥာဏ်စွမ်းများဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ အခင်းအကျင်းတွင်လည်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ခမောက်ပါတီဝင်များ အနေဖြင့်လည်း မိမိတို့ တစ်ဦးခြင်းဆန္ဒဖြင့် နိုင်ငံသားအခွင့်အရေး အရသော်လည်းကောင်း ဒီမိုကရေစီအခွင့်အရေးအရသော် လည်းကောင်း တစ်သီးပုဂ္ဂလ (သို့မဟုတ်) နိုင်ငံရေးယုံကြည်ချက် တူညီသော နိုင်ငံရေးပါတီများမှ ပါဝင်ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းထားသည်။
နိုင်ငံတစ်ဝန်းလုံးယှဥ်ပြိုင်သည့် ပါတီများအနေဖြင့် ပါတီဝင်ဦးရေ ၅၀၀၀၀ နှင့် မြို့နယ်အားလုံး၏ သုံးပုံတစ်ပုံတွင် ပါတီရုံးခန်းဖွင့်လှစ်နိုင်ရန် ပြဌာန်းထားပြီး NDF ပါတီက တင်ပြခဲ့သည့်ပမဏမှာ ပြဌာန်းချက်ကို ကျော်လွန်ခဲ့သည်။ သို့သော် UEC ကမူ ပါတီဝင်ဦးရေပြည့်မီခြင်းမရှိသဖြင့် NDFပါတီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့သဖြင့် ထိုအချက် ကွဲလွဲနေသလို လက်ရှိတွင် NDF ပါတီ တာဝန်ရှိသူများက ဥပဒေကြောင်းအရ အယူခံဝင်ရန် ပြင်ဆင်နေကြောင်း၊ ၂၀၁၀ ကတည်းက လူဦးရေ သိန်းဂဏန်းရှိသည့် ပါတီဝင်ဖောင်များမှာ ၂၀၂၄ ခုနှစ်အတွင်း ရုံးခန်း မီးရှို့ခံရချိန်တွင် ပြာဖြစ်သွားခဲ့သဖြင့် တစ်နှစ်အတွင်း ငယ်စာရင်းနှင့် ပါတီဝင်သစ်များ စုဆောင်းရာ ပါတီဝင် ၈၀၀၀၀ တင်ပြခဲ့သော်လည်း ၅၀၀၀၀ ပင် မတင်သည်မှာ မဖြစ်သင့်ကြောင်းနှင့် ငဲ့ညှာသင့်ကြောင်းလည်း ပါတီအကြီးအကဲတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
