၁၀.၉.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ်တွေက အိမ်နီးချင်း ယူကရိန်းကို ဖြတ်ကျော်လာပြီးနောက် စက်တင်ဘာလ ၁၀ ရက်က ယူကရိန်းစစ်ပွဲတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိုလန်နိုင်ငံ လေပိုင်နက်ထဲ ဝင်ရောက်လာကြတဲ့အတွက် ပိုလန်စစ်ဘက်အနေနဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ အရာတွေကို ပစ်ချဖို့ သူ့ကိုယ်ပိုင်နဲ့ နေတိုး မဟာမိတ်လေကြောင်းရန် ကာကွယ်ရေးတွေကို အပြင်းအထန်အသုံးပြု ကြိုးပမ်းခဲ့ရတယ်လို့ ပိုလန်စစ်တပ်က ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံအနောက်ပိုင်းထိ ကျယ်ပြန့်တဲ့ ရုရှားတိုက်ခိုက်မှုတစ်ခုအတွင်းမှာ ပိုလန်လေပိုင်နက်ကို ဝင်ရောက်လာတဲ့ မောင်းသူမဲ့လေယာဉ်တွေကို နေတိုးအဖွဲ့ဝင်ဖြစ်တဲ့ ပိုလန်က ပစ်ချခဲ့ပြီး အဆိုပါဖြစ်ရပ်က လေပိုင်နက်အတွင်း ကျုးကျော်မှုဖြစ်ကာ ရန်လိုတဲ့လုပ်ရပ်လို့ စွပ်စွဲခဲ့ပါတယ်။
ပိုလန်ရဲ့လေပိုင်နက်ကို ရုရှားမောင်းသူမဲ့လေယာဉ် အတော်များများက ချိုးဖောက်ဝင်ရောက်ခဲ့ပြီး တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ယူဆရတဲ့ မောင်းသူမဲ့လေယာဉ်တွေကိုတော့ပစ်ချခဲ့တယ်လို့ ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ်တာ့စ်ခ်က ပြောခဲ့ပါတယ်။ နေတိုးအကြီးအကဲ မာ့က်ရပ်တီ ဟာလည်း ပိုလန်ခေါင်းဆောင်ပိုင်းနှင့်အဆက်အသွယ်ရှိခဲ့ကာ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ပိုလန်နိုင်ငံနှင့် နီးကပ်စွာ တိုင်ပင်မှုပြုခဲ့တယ်လို့ နေတိုးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ပိုလန်ဝန်ကြီးချုပ်က ရုရှားနိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ် ၁၉ စီး ပိုလန်လေပိုင်နက်ကို ဝင်လာတာမှာ လေးစီးကို ပစ်ချခဲ့တယ်လို့ ထပ်မံပြောခဲ့ပါတယ်။
“ရေဒါတွေက အရာဝတ္ထု ၁၀ ခုကျော်ကို ခြေရာခံမိခဲ့ပြီး ခြိမ်းခြောက်မှုဖြစ်စေနိုင်တဲ့အရာတွေကို ပစ်ချဖို့အမိန့်ပေးခဲ့တာပါ။ ဒီအရာဝတ္ထုတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ပျက်ကျတဲ့နေရာတွေကို ရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်” လို့ ပိုလန်စစ်ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
နေတိုးလေတပ် ကွပ်ကဲမှုအဖွဲ့ နဲ့ နယ်သာလန်လေတပ်ရဲ့ F-35 တိုက်လေယာဉ်တွေကို အကူအညီအတွက် ကျေးဇူးတင်တယ်လို့လည်း ပိုလန်စစ်ဘက်က ပြောခဲ့ပါတယ်။
ထိုပြောကြားချက်ကို မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ ဆက်သွယ်ပြောဆိုမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လောလောဆယ်မှာတော့ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဒီဖြစ်ရပ်အပေါ် နေတိုးအဖွဲ့ကလည်း မှတ်ချက်မပေးသေးဘူးလို့ သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မှတ်ချက်ပေးဖို့တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက “ဥရောပအတွက် အလွန်အန္တရာယ်များတဲ့ စံနမူနာတစ်ခုပါ” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် သူက “ဒီလုပ်ရပ်ကို ပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုပြုဖို့ လိုအပ်ပါတယ်။ ဒီတုံ့ပြန်မှုကို မိတ်ဖက်များအားလုံးဖြစ်တဲ့ ယူကရိန်း၊ ပိုလန်၊ ဥရောပနိုင်ငံတွေအားလုံးနဲ့ အမေရိကန်ပြည်ထောင်စုတို့ပါ ပူးတွဲလုပ်ဆောင်ရမှာပါ” လို့ ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နေတိုး အဖွဲ့ဝင်တွေကို ရုရှားက တစ်နေ့မှာ တိုက်ခိုက်လာနိုင်တယ်လို့ အနောက်ဥရောပက ပြောဆိုနေမှုက ရုရှားကို ရန်သူအဖြစ်မြင်စေဖို့ ရည်ရွယ်ပုံဖော်ပြောနေတာ ဖြစ်ပြီး အဓိပ္ပာယ်မရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးပါတယ်။ အမေရိကန်ဦးဆောင်တဲ့ စစ်ဘက်မဟာမိတ်အဖွဲ့ နေတိုးနဲ့ စစ်ပွဲဆင်နွှဲဖို့ ရည်ရွယ်ချက်မရှိဘူးလို့လည်း ရုရှားဘက်က ပြောကြားခဲ့တာပါ။
Ref- Reuters
