




၈.၉.၂၀၂၅
Written By Zun
မန္တလေးမြို့၏ အထင်ကရ လူပုဂ္ဂိုလ်များထဲမှ တစ်ဦးအပါအဝင် ဖြစ်သော သက်ကြီး လူရွှင်တော်ကြီး ဦးထင်ပေါ် အသက် ၇၅ နှစ်အရွယ် ယနေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၇ ရက်က မန္တလေးမြို့ရှိ ညီဖြစ်သူနေအိမ်သို့ အလည်အပတ်ရောက်ရှိနေချိန် အမောဖောက်လာသောကြောင့် ချက်ချင်း ပြင်ဦးလွင်မြို့၊ မိုးကြိုးကွက်သစ်နေအိမ်သို့ ပြန်လည်ခေါ်ယူခဲ့ပြီးနောက် ယနေ့ စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းကကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က ချက်ချင်းကြီး အမောဖောက်ပြီးတော့ ဖြစ်သွားတာ။ မန္တလေးက သူ့ညီအိမ်မှာ အလည်ရောက်နေတာ အခြေအနေမကောင်းတာနဲ့ အိမ်ကိုပဲ ပြန်ခေါ်ခဲ့ကြတာ၊ ဒီနေ့မနက်မှာ ဆုံးသွားတာ” ဟု လူရွှင်တော်ကြီး ဦးထင်ပေါ်၏ သမီးဖြစ်သူက ပြောသည်။
လူရွှင်တော်ကြီး ဦးထင်ပေါ်၏ ဈာပနကို သဘက်ခါ စက်တင်ဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ မိုးကြိုးကွက်သစ်နေအိမ်မှ သုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
“ဘဘက ဟာသပျက်လုံးကို လိမ္မာပါးနပ်တဲ့ အပြောအဆိုတွေနဲ့ ရယ်ရအောင် ပြောခဲ့တယ်။ညစ်ပတ်တဲ့ အသုံးအနှုန်းတွေ မပါဘူး။ မန္တလေးရဲ့ အနုပညာ အငြိမ့်သဘင်အတွက် အစားထိုးမရနိုင်ပါဘူး။ အခု ၃ ရက် ထားတယ်။ ၁၀ ရက်နေ့ (စက်တင်ဘာလ)သင်္ဂြိုဟ်မယ်” ဟု မန္တလေး ဒေသခံတစ်ဦးက MT News ကို ပြောသည်။
လူရွှင်တော်ကြီး ဦးထင်ပေါ် မှာ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ကြပ်ဖြူ- ကူနီရွာဇာတိ ဖြစ်ပြီး နှဲဆရာကြီး ဦးချစ်စိန်၏ တတိယမြောက်သားဖြစ်ကာ သဘင်မျိုးရိုးဖြစ်ကြောင်း သိရသည်။
မန္တလေးအငြိမ့်သဘင် ရွှေခေတ် အောင်မြေအေး၊ ရတနာပုံ၊ သစ်လွင်၊ နန်းမြို့တော်၊ မြတရာ၊ ရွှေရတနာစသည့် နာမည်ကြီးအငြိမ့်များနှင့်အတူဖျော်ဖြေခဲ့ရာ ထင်ပေါ်၊ ချစ်စရာ၊ ဒီပါ အတွဲအဖြစ် ပို၍ လူသိများခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ကိုဗစ် ၁၉ ကပ်ရောဂါ ကာလတွင် လူရွှင်တော်ကြီး ဦးထင်ပေါ် က သူ၏ လူရွှင်တော်ဘဝ ဖြတ်သန်းမှုများ အကြောင်း လူမှုကွန်ရက်ပေါ် ရေးသားခဲ့သည်ကို စာအုပ်အဖြစ် ပြန်လည် ထုတ်ဝေခဲ့ဖူးကြောင်းလည်း သိရသည်။
