
၈ .၉.၂၀၂၅
Written by Hey Mar
ဆိုင်ကယ် ကယ်ရီဂိတ်ကို ဖုန်းဆက်ခေါ်ပြီးငှားလို့ အလှည့်ကျ လိုက်သွားရာက လူကို ဓားနဲ့ အန္တရာယ်ပြုကာ ဆိုင်ကယ်လုယက်ခံရတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့ မနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
ဖြစ်စဉ်က ဒီနေ့ မနက် ၉ နာရီ အချိန်ခန့်က တာချီလိတ်မြို့၊ မိုင်းဖုန်း (ခ) အုပ်စု၊ ဆွတ်ဆိုင်ကျေးရွာ၊ လွယ်ယွန်းခမ်းဘုရားမှာ ဆိုင်ကယ် တက္ကစီမောင်းနှင်သူတစ်ဦးကို ဆိုင်ကယ်ငှားရမ်းစီးနင်းတဲ့ အင်္ကျီအဖြူ၊ ပုဆိုး အနီရောင်ဝတ်ထားသူ အမည်မသိ အမျိုးသားတစ်ဦးက ဓားနဲ့ ထိုးကာ Honda Wave i 125 ဆိုင်ကယ်အဖြူရောင်ကို လုယူသွားခဲ့ပြီး ဆိုင်ကယ်ကို ဝမ်ဆောက်ခုံ ရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ဆိုင်ကယ်လုယူခံရပြီး ဓားနဲ့ ရန်ပြုခံရတာကြောင့် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူမှာ ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာ၊ ယာလက်ဖနောင့် ပြတ်ရှဒဏ်ရာတွေနဲ့ ဆေးကုသလျက်ရှိပြီး ဆိုင်ကယ်လုယူသွားသူကိုလည်း တာချီလိတ်မြို့ ဟောင်လိတ်နယ်မြေရဲစခန်းက လိုက်လံ ရှာဖွေ လျက်ရှိတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဒေသခံတစ်ဦးကလည်း “အဲ့ဒီ ဂိတ်က အခုဖြစ်ရပ်နဲ့ဆို လုယက်ခံရတဲ့ ဖြစ်စဉ် ၃ ခါ ရှိပြီ။ ဒီနှစ်ထဲပဲ။ အရင်လတွေတုန်းကလည်း ဖြစ်ထားတာ” လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

