

၈.၉.၂၀၂၅
Written By Thandar
“ရုပ်ရှင်မြို့တော်စီမံကိန်း”အတွက် စိတ်ဝင်စားမှုဖော်ပြလွှာ EOI အောင်မြင်ထားတဲ့ကုမ္ပဏီတွေအနေနဲ့ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထားပြီး တင်ဒါပုံစံတင်သွင်းဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြေညာထားပါတယ်။
“ကျွန်တော်တို့ ပထမဦးဆုံး EOI ခေါ်ထားတယ်လေ။ ဒီကုမ္ပဏီတွေထဲကမှ ကျွန်တော်တို့ သဘောကျတဲ့ကုမ္ပဏီတွေ ဖြစ်နိုင်ခြေရှိတဲ့ ကုမ္ပဏီတွေကို EOI အောင်နေတဲ့သူတွေအနေနဲ့ သတ်မှတ်ချက်နဲ့ အသေးစိတ်အချက်အလက်တွေ ခေါ်လိုက်တာပါ။စက်တင်ဘာ ၁၆ ရက်နေ့ နောက်ဆုံးထားတင်ဖို့ပါ။ အဲအပေါ်မှာ သူတို့နဲ့ စာချုပ်တွေ ချုပ်ရမှာပါ။ လုပ်ပိုင်ခွင့်တွေကို နှစ်ဘယ်လောက်ဆိုတဲ့ သတ်မှတ်ချက်တွေကိုတော့ နှစ် ၃၀ လို့ စာချုပ်ထဲမှာအသေးစိတ်တော့ မပါသေးပါဘူး။ စာချုပ်ကလည်း မထွက်လာသေးပါဘူး။ နှစ် ၃၀ စာချုပ်မလား။ ၅ နှစ်စာဆီ ချုပ်ဆိုမလားဆိုတာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်လုပ်ဆောင်ရမှာပါ”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး အကယ်ဒမီ ဒါရိုက်တာဇော်မြင့်ဦးက MT Entertainment ကို ပြောပါတယ်။
အဆိုပါ EOI အောင်မြင်ထားတဲ့ ကုမ္ပဏီတွေက လက်ရှိ ၆ ဦးရှိထားပြီး ကျန်စိတ်ဝင်စားသူတွေက စက်တင်ဘာ ၁၆ ရက် ညနေ ၄ နာရီနောက်ဆုံးထားပြီး တင်ဒါပုံစံတင်သွင်းရမှာဖြစ်တယ်လို့ သိရပါတယ်။
“ရုပ်ရှင်မြို့တော်စီမံကိန်း” အတွက် စိတ်ဝင်စားမှုဖော်ပြလွှာ EOI တွေ တင်သွင်းဖို့ ဇွန် ၂၇ ရက်က မြန်မာ့အလင်းသတင်းစာ၊ ဇွန် ၂၈ ရက်က ကြေးမုံသတင်းစာတွေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး Facebook Page နဲ့ Telegram MMPA Info က လည်း ကြော်ငြာ
ခေါ်ယူခဲ့ပါတယ်။
မြေဧက ၂၀၀ မှာ အကောင်အထည် ဖော်မယ့် “ရုပ်ရှင်မြို့တော်စီမံကိန်း”မှာ ဇုန် ၁၀ ဇုန်မှာ မြန်မာနိုင်ငံမြို့ကြီးများက အထင်ကရနေရာတွေ၊ ရုပ်ရှင်လောက သားတွေအတွက် တိုင်းရင်းသားလူမျိုးအသီးသီးရဲ့ ပုံစံတူနေအိမ်တွေ၊ ရေတံခွန်နဲ့ ချောင်းများပါဝင်တဲ့ ပုံစံတူတောအုပ်တွေ စတူဒီယိုတွေ၊ အများပြည်သူ အပန်းဖြေနားနေဖို့ နေရာတွေ၊ စားသောက်ဆိုင်တွေ၊ ကားရပ်နားကွင်းတွေနဲ့ ကလေးကစားကွင်းတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးမှာ တည်ဆောက်မှာလည်းဖြစ်ပါတယ်။
နှစ် ၃၀ လုပ်ပိုင်ခွင့်ရရှိထားတဲ့ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂၀၊ ၄ ဖာလုံရှိ လှည်းကူးမြို့နယ်ရှိ အ ကျယ်အဝန်းဧက ၂၀ဝ ခန့်မြေနေရာမှာ “ရုပ်ရှင်မြို့တော် စီမံကိန်း” Master Plan အရ အပိုင်းလိုက်လုပ်ငန်းဖော်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
