သတိုး ၊ ဟေမာ
၈. ၉. ၂၀၂၅
ဟင်္သာတမြို့ပေါ်တွင် ယနေ့ နေ့လယ် နေ့ခင်းကြောင်တောင်အချိန်က သွားဆရာဝန်ဇနီးမောင်နှံကို လူငယ်တစ်ဦးက ဝင်ရောက်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ထိုဖြစ်စဥ်တွင် ဟင်္သာတမြို့၊ ပါဆယ်လမ်းမှ သွားဆရာဝန်ဒေါက်တာတင်မောင်ထွန်းနှင့် ဇနီး ဒေါ်ဇင်မင်းမင်းသက်တို့ကို ယနေ့ စက်တင်ဘာ ၈ ရက်၊ ညနေ ၄ နာရီခန့်အချိန်တွင် လူငယ် အမျိုးသားတစ်ဦးက ဆေးခန်းပြမည်ဟု ဟန်ဆောင်ကာ ဓားဖြင့်ဝင်ရောက်ထိုးခုတ်သတ်ဖြတ်သွားခြင်းဟု ကနဦးသိရသည်။
“ဆေးခန်းပြချင်တယ်ဆိုပြီး ဝင်လာပြီး ဓားနဲ့ထိုးသတ်တာ။ မိန်းမဖြစ်သူက အိမ်မှာတင် ပွဲချင်းပြီးဆုံးတာ။ ဆရာဝန်ကတော့ ဆေးရုံမှာ ဆုံးတာ။ ဓားပြတိုက်ရင်းဖြစ်သွားတာလို့လည်း ကြားပေမဲ့ အသေးစိတ်မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
သတ်ဖြတ်မှုကျူးလွန်သူသည် အဆိုပါ ဆရာဝန်နှင့် ဇနီးဖြစ်သူအပြင် နေအိမ်ထဲမှ အိမ်အကူအမျိုးသမီးနှင့် အခြား မိသားစုဝင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကိုပါ ဓားဖြင့်ထိုးသွားသည်ဟု သိရသော်လည်း အိမ်အကူနှင့် အဘွားအိုအရွယ် သက်ကြီးပိုင်း အမျိုးသမီးကြီးမှာ စိုးရိမ်စရာမရှိဟု သိရသည်။
ဒေါက်တာတင်မောင်ထွန်းသည် အသက် ၅၀ ကျော်အရွယ်ရှိ စိတ်သဘောထားကောင်းမွန်သည့် ဆရာဝန်တစ်ဦးဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာသည် အစိုးရရုံးအဆောက်အအုံများရှိသဖြင့် လူမပြတ်သည့်နေရာဖြစ်ကြောင်း၊ စိတ်ထားကောင်းမွန်သည့် ဆရာဝန်ဇနီးမောင်နှံ သတ်ဖြတ်ခံရမှုအပေါ် ဟင်္သာတမြို့ခံများက နှမြောတသနေကြရသည့်အပြင် နေ့ခင်းကြောင် တောင် လူသတ်မှုဖြစ်ပွားသဖြင့် လုံခြုံရေး ထိတ်လန့်နေကြရကြောင်းလည်း သိရသည်။
အဆိုပါဆရာဝန်မိသားစုနှင့် နီးစပ်သူတစ်ဦးကလည်း ” ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဘွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရပါ။ ကောင်မလေးကလည်း မစိုးရိမ်ရပါ။ အိမ်ကိုပြန်သယ်ပြီး ထုံးစံတိုင်း ၃ ရက်ထားပြီးမှ သင်္ဂြိုဟ်မယ်လို့သိရပါတယ်။ ကျွန်မ သိရသလောက်ပါနော်။ အပြောင်းအလဲရှိရင်လည်း ရှိမယ်ပေါ့။ ကိုယ့်မြို့မှာမကြားဖူးတာတွေ ကြားနေရလို့စိတ်မကောင်းဖြစ်ရပါတယ်”ဟု လူမှုကွန်ရက်တွင်ရေးသားထားသည်။
အခင်းဖြစ်ပွားရာ ဆေးခန်းမှာ သွားနှင့် ခံတွင်းရောဂါကုဆေးခန်းဖြစ်ပြီးပိုင်ရှင် ဒေါက်တာတင်မောင်ထွန်းနှင့် ဇနီးဖြစ်သူတို့ကို ရက်ရက်စက်စက်သတ်ဖြတ်သွားသူအား ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းလည်း သိရသည်။
