◾️ တစ်ချိန်တည်းမှာ KIA နှင့် PDF က ရွှေကူမြို့နေသူတစ်ဦးကို ဒလန်စွပ်စွဲကာ သတ်ဖြတ်
နေမိုး
၅. ၉. ၂၀၂၅
PDF ဆယ်ဦးခန့်က မင်းလှမြို့နယ်၊ သဖန်းကိုင်းကျေးရွာတွင် နေထိုင်သည့် ကျေးရွာခွဲတာဝန်ခံနေအိမ်သို့ ဆိုင်ကယ်ငါးစီးနှင့် ရောက်လာသဖြင့် ကျေးရွာခွဲတာဝန်ခံက ထွက်ပြေးသော်လည်း မလွတ်ဘဲ ကျေးရွာအရှေ့တောင်ဘက်တွင် သတ်ဖြတ်ခံလိုက်ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သဖန်းကိုင်းကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးအောင်နေလင်း (၄၄)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးနှင့် ရောက်ရှိလာသဖြင့် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်စဉ် ကျေးရွာအရှေ့ တောင်ဘက် နှစ်ဖာလုံခန့်အကွာရှိ ရေမြောင်းအနီးအရောက်၌ နေအိမ်သို့ရောက်လာသည့် PDF များက လိုက်လံပစ်ခတ်သဖြင့် ဦးအောင်နေလင်းမှာ ကျည်ထိမှန် ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ထိုနေ့ ထို့အချိန် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင်ပင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ကိုသန့်ဇင်အောင်(ခ)စတီး(၂၉)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် KIA လက်နက်ကိုင်အဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့ ၄ ဦးခန့်က မော်တော်ယာဉ် တစ်စီးဖြင့် ရောက်ရှိလာပြီး ကိုသန့်ဇင်အောင်(ခ) စတီးအား “ဒလန်” ဟုပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
