၅ .၉.၂၀၂၅
Written by Hey Mar
အတူတကွ သောက်စားပြီးပြန်လာကြတဲ့ သူငယ်ချင်းသုံးဦး ယာဉ်မတော်တဆဖြစ်ကာ တစ်ဦးသေဆုံး၊ တစ်ဦးပြင်းထန်ဒဏ်ရာနဲ့၊ တစ်ဦးက သက်ဆိုင်ရာဆီမှာ ထိန်းသိမ်းခံကာ ဖြေရှင်းနေရတဲ့ဖြစ်စဉ် ဒီနေ့ စက်တင်ဘာ ၅ ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။

ဖြစ်စဉ်က မနေ့က စက်ဘာ ၄ ရက်နေ့ သန်းခေါင်ကျော် စက်တင်ဘာ ၅ ရက်ကူးစ မနက် ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်က ဒေါပုံမြို့နယ်၊အရှေ့ပိုင်းခရိုင်တရားရုံးရှေ့မှာ အငှားယာဥ်တစ်စီးက သစ်ပင်ဝင်တိုက်ပြီး ယာဉ်ပေါ်ပါ အမျိုးသား သုံးဦးအနက် တစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူ နှစ်ဦးမှာလည်း တစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူထံကနေ သိရပါတယ်။

အဆိုပါတာဝန်ရှိသူက “သူငယ်ချင်း သုံးယောက် အသက် (၃၀)ဝန်းကျင်တွေ။ ကျွန်တော်တို့ရောက်တော့ နှစ်ယောက်က သတိမရတော့ဘူး။ ရှေးဦးသူနာပြု လုပ်ငန်းစဉ်နဲ့ ပြုစုပေးတဲ့အချိန် တစ်ဦးက သေဆုံးနေပြီ။ တစ်ဦးက ဒဏ်ရာပြင်းပေမယ့် အသက်ရှိနေသေးလို့ ဆေးရုံ အမြန်ပို့နိုင်အောင် ကြိုးစားပေးခဲ့တယ်။ ယာဉ်မောင်းတဲ့ ကောင်လေးရော သူတို့သုံးဦး အောင်ရေကောင်းလာကြတာ။ ယာဉ်မောင်းက ဒဏ်ရာရပေမယ့် မပြင်းထန်တော့ သူက တခြား တက္ကစီသမား သူတို့ဂရုကိုပေါ့ လှမ်းအကြောင်းကြားလို့ ကျွန်တော်တို့ကို တစ်ဖက်က ပြန်အကြောင်းကြားပေးတာ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

ပရဟိတ အသင်းတွေက သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ မိသားစုဝင်တွေကို ဆက်သွယ်ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိသူကို ဆေးကုသမှုခံနိုင်ဖို့ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဆီ ပို့ဆောင်ပေးခဲ့သလို သေဆုံးသူကိုလည်း ရှင်သန်ရေးကူညီမှုအသင်း ကားနဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ရာ ဆေးရုံက PR No-038နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။
