
၄. ၉. ၂၀၂၅
Written by Nyein Kyaw
မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက် ဦးစားပေးကဏ္ဍ ၇ ခုမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ယခုစက်တင်ဘာလအတွင်း ချေးငွေများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ဦးစားပေးကဏ္ဍများအနေဖြင့် ကုန်သွယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် ချေးငွေများအား ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာထားသည်။
အင်အားပြင်းမန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ကနဦးမ,တည်ရန်ပုံငွေ ကျပ်ဘီလျံ ၇၀၀ ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀၀ နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဈေးကွက် တည်ငြိမ်ရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၂၀၀ ထည့်ဝင်မည်ဖြစ်သည်။
ချေးငွေသက်တမ်းသည် သုံးနှစ်မှ ငါးနှစ်အထိဖြစ်ပြီး၊ အိမ်ရာ/အဆောက်အဦ ပြန်လည်တည်ဆောက်ရေးချေးငွေ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်ရင်းနှီးငွေနှင့် လုပ်ငန်းသုံးစက်ပစ္စည်းယန္တရားများ၊ ရေ၊ မီး၊ ဆိုလာနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် ချေးငွေ၊ စက်ရုံလုပ်ငန်းကြီးများ ပြန်လည်ပြုပြင်ရေးနှင့် လုပ်ငန်းလည်ပတ်နိုင်ရေးတို့အတွက် ချေးငွေ၊ နိုင်ငံတော်ပိုင်အခြေခံအဆောက်အဦများအား တာဝန်ယူတည်ဆောက်ရမည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် ယာယီချေးငွေတို့အပေါ် သက်သာသော အတိုးနှုန်းများဖြင့် ချေးငွေများပံ့ပိုးပေးသွားမည်ဖြစ်သည်။

ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ဘဏ်နှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအဖြစ် AYA Bank PCL ၊ UAB Bank PCL ၊ CB Bank PCL ၊ ဧရာဝတီ တောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် ၊ ရိုးမဘဏ် ၊ ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ Best Merchant Finance Co., Ltd နှင့် Zega Finance Co., Ltd တို့မှ ချေးငွေအစီအစဉ်တွင် ပါဝင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလာခြင်းအပေါ် ချေးငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် (SOP) ပါ စံသတ်မှတ်ချက်များနှင့် အညီရွေးချယ်ထားခြင်းဖြစ်သည်။
