၄. ၉. ၂၀၂၅
Translated by Thettant
ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တော်မှာ ခရီးသွားဧည့်သည်တွေ အထူးစိတ်ဝင်စားတဲ့ နှစ်ပေါင်း ၁၄၀ သက်တမ်းရှိ Carris ကုမ္ပဏီက ပြေးဆွဲတဲ့ Gloria Funicular ကေဘယ်လ်ရထား တိမ်းမှောက်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ရပြီးနောက် ပေါ်တူဂီတစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ဒီမတော်တဆမှုမှာ ထိခိုက်ဒဏ်ရာရသူ ၁၈ ဦး ဆေးရုံတင်ခဲ့ရပြီး အဲဒီအထဲက ၅ ဦးကတော့ အခြေအနေ စိုးရိမ်ရပါတယ်။
ဒေသစံတော်ချိန် စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တဲ့ ဒီမတော်တဆမှုမှာ သေဆုံးခဲ့သူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောဆိုပေမယ့် ဘယ်နိုင်ငံသားတွေလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လစ္စဘွန်းမြို့တော်ဝန် Carlos Moedas ဟာ ဖြစ်စဉ်ဖြစ်ပွားတဲ့ မနေ့က ဗုဒ္ဓဟူးနေ့ညမှာ ဆေးရုံကို သွားရောက်ခဲ့ပြီး ဒီအဖြစ်ဆိုးကို “မြို့တော်အတွက် ဝမ်းနည်းဖွယ်အချိန်” လို့ ပြောကြားခဲ့ပါတယ်။ ဒီ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် မြို့တော်ဝန် တက်ရောက်မယ့် ဝန်ကြီးများအစည်းအဝေးကို တစ်နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းနေ့အဖြစ် ပေါ်တူဂီအစိုးရက သတ်မှတ် ကြေညာခဲ့ပါတယ်။
ပေါ်တူဂီသမ္မတ Marcelo Rebelo de Sousa ကလည်း “ဒီကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုတွေနဲ့ အတူ ရပ်တည်ကြောင်းနဲ့ ဝမ်းနည်းကြေကွဲမိကြောင်း” ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို ရထားပြေးဆွဲတဲ့ ကုမ္ပဏီ၊ အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့အစည်းနဲ့ ရာဇဝတ်မှုစုံစမ်းရေးရဲတပ်ဖွဲ့တို့က စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပြီး ရဲနဲ့အခြား အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ အခင်းဖြစ်ပွားရာနေရာမှာ နာရီပေါင်းများစွာကြာအောင် ကူညီလုပ်ကိုင်ခဲ့ကြပါတယ်။
လစ္စဘွန်းရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း Carris ရဲ့ အကြီးအကဲဟာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ မတော်တဆမှုဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပြီး ရထားလမ်း အကြီးစားပြုပြင်ထိန်းသိမ်းမှုကို လေးနှစ်တစ်ကြိမ်နဲ့ အလယ်အလတ် ပြုပြင်ထိန်းသိမ်းမှုကို နှစ်နှစ်တစ်ကြိမ် လုပ်ဆောင်ထားကြောင်း၊ နေ့စဉ်၊ အပတ်စဉ်နဲ့ လစဉ် စစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ထားကြောင်း ကုမ္ပဏီအနေနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေအရ ကေဘယ်လ်ကြိုးနဲ့ ဆွဲတင်တဲ့ ရထားရဲ့ ဘရိတ်စနစ် ချို့ယွင်းခဲ့ပြီး လမ်းမတ်စောက်တဲ့နေရာကနေ အရှိန်နဲ့ ထိုးဆင်းသွားကာ အဆောက်အအုံတစ်ခုကို တိုက်မိခဲ့တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက အပျက်အစီးတွေကြားမှာ ပိတ်မိနေသူ တော်တော်များများကို ကယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Avenida da Liberdade အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဒီကေဘယ်ရထားတိမ်းမှောက်မှု ဖြစ်ပွားချိန်မှာ ရထားပေါ်မှာ လူဘယ်နှစ်ယောက် ပါဝင်ခဲ့တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လူမှုမီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံတွေမှာ အဝါရောင် ရထားတွဲဟာ မှောက်လျက်အနေအထားနဲ့ လုံးဝနီးပါး ပျက်စီးနေတာကို တွေ့ရပါတယ်။ မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ အခင်းဖြစ်ပွားရာနေရာကနေ လူတွေ လမ်းလျှောက် ထွက်ပြေးနေတာကိုလည်း တွေ့ရပါတယ်။
မျက်မြင်သက်သေတစ်ဦးက ပေါ်တူဂီသတင်းစာ Observador ကို “ယာဉ်က ထိန်းချုပ်လို့မရဘူး၊ ဘရိတ်မပါတော့ဘူး” လို့ ပြောသလို “အောက်က ရထားကို ဝင်တိုက်တော့မယ် ထင်လို့ ကျွန်မတို့အားလုံး ထွက်ပြေးကြတာ” လို့ Teresa d’Avó က ပြောပါတယ်။
နောက်ထပ် မျက်မြင်သက်သေတစ်ဦးက ပေါ်တူဂီရုပ်မြင်သံကြားလိုင်း SIC ကို “အရှိန်အပြည့်နဲ့ ပြေးနေတဲ့ ရထားက လမ်းမတ်စောက်တဲ့နေရာမှာ အဆောက်အအုံကို ဝင်တိုက်ခဲ့တာ။ ရထားက အင်မတန် ပြင်းထန်တဲ့ အားနဲ့ အဆောက်အအုံကို တိုက်မိပြီး ကတ်ထူဖာတစ်ခုလို ပြိုကျသွားတာ၊ ဘရိတ်လည်း မပါတော့ဘူး” လို့ ပြောပါတယ်။
ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ စောလွန်းနေသေးတယ်လို့ လစ္စဘွန်းအာဏာပိုင်တွေက ပြောပေမယ့် Observador သတင်းစာက ရထားကေဘယ်လ်ကြိုးတစ်ခု လမ်းကြောင်းတစ်လျှောက် လျော့ရဲသွားတာကြောင့် ရထားဟာ ထိန်းချုပ်မှု လွတ်ပြီး အနီးနားက အဆောက်အအုံတစ်ခုကို ဝင်တိုက်မိတာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
Funicular ဆိုတဲ့ ကေဘယ်လ်ရထားဟာ မတ်စောက်တဲ့ တောင်စောင်းတွေမှာ အတက်အဆင်း သွားလာနိုင်အောင် လုပ်ထားတဲ့ ရထားစနစ်တစ်ခု ဖြစ်ပါတယ်။ Gloria Funicular ရထားပေါ်မှာတော့ တွဲနှစ်ခုကို လျှပ်စစ်မော်တာတွေနဲ့ မောင်းနှင်ပြီး ရထားတွဲနှစ်ခုစလုံးဟာ ဆွဲတင်ကေဘယ်လ်ကြိုးရဲ့ ဆန့်ကျင်ဘက် အစွန်းတွေမှာ ချိတ်ဆက်ထားတာကြောင့် တစ်တွဲက အောက်ကိုဆင်းတဲ့အခါ သူ့ရဲ့အလေးချိန်က အခြားတစ်တွဲကို ဆွဲတင်ပေးပြီး တစ်ပြိုင်နက်တည်း အတက်အဆင်း လုပ်နိုင်စေပါတယ်။
Gloria Funicular ဟာ လစ္စဘွန်းမှာ အထင်ရှားဆုံးနဲ့ ခရီးသွားဧည့်သည်တွေ အထူးစိတ်ဝင်စားတဲ့ နေရာတွေထဲက တစ်ခုပါ။ ၁၈၈၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အနှစ် ၃၀ အကြာမှာ လျှပ်စစ်စနစ်ကို ပြောင်းလဲခဲ့ပါတယ်။ ထင်ရှားတဲ့ အဝါရောင်ကေဘယ်လ်ရထားတွေဟာ လစ္စဘွန်းလို တောင်ကုန်းထူထပ်တဲ့ မြို့အတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခုပါ။ သူတို့ဟာ ကျောက်ခင်းလမ်းတွေ အများအပြားအတိုင်း ဖြတ်သန်းသွားလာကြပါတယ်။ ဒီမတော်တဆမှုဖြစ်ပွားခဲ့တဲ့ ရထားလမ်းဟာ လစ္စဘွန်းအလယ်ပိုင်းက Restauradores လို့ခေါ်တဲ့ ရင်ပြင်တစ်ခုကနေ Bairro Alto လို့ခေါ်တဲ့ တောင်ကုန်းမြင့်ရပ်ကွက်ရဲ့ ရှုခင်းသာပြီး ကျောက်ခင်းထားတဲ့ လမ်းတွေအထိ ၂၇၅ မီတာ (၉၀၀ ပေ) ခန့် သွားလာပြီး ခရီးစဉ်တစ်ခုကို သုံးမိနစ်ပဲ ကြာပါတယ်။
Gloria Funicular အပါအဝင် ကေဘယ်လ်ရထားစု လုပ်ငန်းစုသုံးခုရှိပြီး လစ္စဘွန်းမြို့တော်က အခြား Funicular ရထားတွေကိုလည်း လစ္စဘွန်းဒေသခံတွေ သုံးစွဲကြသလို ခရီးသွားဧည့်သည်တွေ ကြားမှာလည်း အလွန်ရေပန်းစားပါတယ်။ နွေရာသီကုန်ဆုံးလုနီးအချိန်မှာတော့ ပေါ်တူဂီမြို့တော်ဟာ အလွန်ကို ခရီးသွားများစွာနဲ့ စည်ကားနေပါတယ်။
Ref, BBC
