၄. ၉. ၂၀၂၅
Written by Nay Moe
စားသောက်ဆိုင်မှ နေအိမ်သို့ တစ်ဦးတည်းပြန်လာသည့် လက်နက်မဲ့ အသက် ၆၈ နှစ်အရွယ် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဘိုးအိုကို ပဲခူး PDF များက ပစ်သတ်မှု ဒိုက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ဝင်း (၆၈) နှစ်သည် ရပ်ကွက်အတွင်းရှိ “ဆုံနေကျ” စားသောက်ဆိုင်မှ ၎င်း၏နေအိမ်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် ဒိုက်ဦး-နှင်းဝိသွားကားလမ်းမပေါ်အရောက်၌ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က နောက်မှချောင်းမြောင်းကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးခင်ဝင်းတွင် နောက်ကျော ကျည်ထိမှန် ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းမှ PDF များသည် လက်နက်မဲ့နိုင်ငံ့ဝန်ထမ်းများနှင့် NUG/PDF ကို မထောက်ခံသူများအား အများဆုံးသတ်ဖြတ်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို ဖမ်းဆီးနှိမ်နင်းနိုင်မှု နည်းပါးသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အချိန်အထိ ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင် ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD,CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
