
၄. ၉. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၃၀ ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ငါးလကျော်အတွင်း ဒေါ်လာ ၆၁၃ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်းနှင့် ဩဂုတ်လတွင် ဒေါ်လာ ၁၂၆ သန်း ထုတ်ရောင်ပေးထားသည်။
ယခု စက်တင်ဘာ ၃ ရက်တွင် ထပ်မံထုတ်ရောင်းပေးမည့် ဒေါ်လာသန်း ၃၀ အပါအဝင် ယခုဘဏ္ဍာနှစ် ငါးလကျော်အတွင်း စုစုပေါင်း ဒေါ်လာ ၆၁၃ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ပြည်တွင်း စက်သုံးဆီဈေးကွက်၌ ယနေ့တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၉၃၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃,၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၅၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၁၄၀ ကျပ်ဖြစ်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၁၀၀ ကျော်ဝန်းကျင် ကျဆင်းနေခဲ့ခြင်းဖြစ်ပြီး ဓာတ်ဆီဈေးနှုန်းများ ဩဂုတ်လဆန်းပိုင်းကထက် ဈေးနှုန်းအနည်းငယ်သာ မြင့်တက်မှုရှိကြောင်း သိရသည်။
