၄. ၉. ၂၀၂၅
Translated by Thettant
မနေ့က စက်တင်ဘာလ ၃ ရက်နေ့မှာ ထိုင်းအဝေးပြေးလမ်းမရဲတပ်ဖွဲ့ဟာ တက်ခ်ပြည်နယ်၊ ဝမ်ဖရာချော့-ဖရန်ကရာတိုင်းလမ်းမပေါ်မှာ မြန်မာနိုင်ငံသား ၇၁ ဦးကို တရားမဝင် ခိုးသွင်းလာတဲ့ ထိုင်းအမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
တက်ခ်ပြည်နယ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို နိုင်ငံခြားသားအလုပ်သမားတွေ တရားမဝင်သယ်ယူပို့ဆောင်မယ်ဆိုတဲ့ သတင်းရရှိခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဝမ်ဖရာချော့-ဖရန်ကရာတိုင်းလမ်းမပေါ်မှာ စောင့်ဆိုင်းပြီး ဖမ်းဆီးဖို့ စီစဉ်ခဲ့တာပါ။ ဒီစစ်ဆင်ရေးကို ရဲမှူးချုပ် ခွန်ကရစ် လာတ်စစ်သီကူ ဦးဆောင်ပြီး ရဲမှူးကြီး ဆတ်သစ် ဆာမန်ဖတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်စောင့်ဆိုင်း ခဲ့ချိန်မှာ ရှေ့ဆင့်နောက်ဆင့် မောင်းနှင်လာတဲ့ သံသယဖြစ်ဖွယ် ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ပါတယ်။ ကားတွေဟာ ဝန်တွေအပြည့်တင်ထားပြီး ဖုံးအုပ်ထားတာကြောင့် ရပ်တန့်စစ်ဆေးဖို့ အချက်ပြခဲ့ပါတယ်။

ပထမကားကတော့ အသက် ၃၁ နှစ်အရွယ် ဘွန်ချွေးမောင်းနှင်လာတဲ့ အဖြူရောင်ပစ်ကပ်ကားဖြစ်ပြီး ရှေ့ခန်းမှာ နိုင်ငံခြားအလုပ်သမားနဲ့တူတဲ့ အမျိုးသမီးသုံးဦးကို တွေ့ရှိခဲ့ပါတယ်။ သူတို့မှာ ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ မရှိပါဘူး။ ကားနောက်ဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါ မြန်မာနိုင်ငံသား ၃၇ ဦး (အမျိုးသား ၂၂ ဦးနဲ့ အမျိုးသမီး ၁၈ ဦး) ကို ထပ်မံတွေ့ရှိရပြီး အဲ့ဒီကားပေါ်မှာ တရားမဝင် မြန်မာလုပ်သားစုစုပေါင်း လူ ၄၀ ပါဝင်ပါတယ်။
ဒုတိယပစ်ကပ်ကားကိုတော့ အသက် ၃၁ နှစ်အရွယ် ပီရာဝတ်က မောင်းနှင်လာပြီး ကားပေါ်မှာ ၃၁ ဦး (အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၈ ဦး) ကို တွေ့ရှိရသလို သူတို့မှာလည်း ခရီးသွားလာခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ မရှိပါဘူး။ ယာဉ်မောင်းနှစ်ဦးစလုံးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့ရာမှာ ဘွန်ချွေးက မြန်မာနိုင်ငံသားအလုပ်သမားတွေကို မယ်ဟောင်ဆောင်က လူတစ်ဦးရဲ့ ငှားရမ်းမှုနဲ့ မူအန်းတက်ခ်ခရိုင် လမ်းဘေးနေရာတစ်ခုကနေ ပသုန်ဌာနီပြည်နယ်က တလတ်ထိုင်းနေရာကို တစ်ခေါက် ဘတ် ၁၀,၀၀၀ နဲ့ ပို့ဆောင်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

သူဟာ အခုလို သယ်ယူပို့ဆောင်မှုတွေကို အရင်ကလည်း အကြိမ်ပေါင်းများစွာ လုပ်ဖူးကြောင်း ထွက်ဆိုခဲ့ပါတယ်။ ပီရာဝတ်ကတော့ ဘွန်ချွေးရဲ့ စည်းရုံးမှုကြောင့် ခရီးစဉ်လိုက်ပို့ပေးဖို့ ဘတ် ၅,၀၀၀ နဲ့ လိုက်ပါလာတာဖြစ်ပြီး ဒါဟာ သူ့အတွက် ဒုတိယအကြိမ်မြောက်ပါဝင်မှုဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးနဲ့ မြန်မာနိုင်ငံသား ၇၁ ဦးတို့ အားလုံးကို တရားဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် ဝမ်ဖရာချော့ရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Ref, The Thaiger
