၄.၉.၂၀၂၅
Translated by Htwe Ko Tun
နိုင်ဂျီးရီးယားနိုင်ငံ၊ မြောက်-အလယ်ပိုင်း၊ နိုင်ဂျားပြည်နယ်အတွင်းမှာ လူအပြည့်တင်ဆောင်လာတဲ့ စက်လှေတစ်စီးဟာ နိုင်ငံရဲ့ ကိန်ဂျီ ရေလှောင်တမံအနီး ဘောဂူနယ်မြေအတွင်း ရေပေါ်တစ်ဝက်တစ်ပျက် မျောနေတဲ့ သစ်ငုတ်တို တစ်ခုကို ဝင်တိုက်မိရာက စက်လှေတိမ်းမှောက်ပြီး အနည်းဆုံး လူ ၆၀ ဦးလောက်သေဆုံးရမှုတစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ Al Jazeera ရဲ့ စက်တင်ဘာ ၄ ရက် သတင်းတွေက ဖော်ပြပါတယ်။
စက်လှေပေါ်မှာ လူ ၁၀၀ ကျော်လောက် ပြွတ်သိပ်နေအောင်တင်ဆောင်ပြီး စက်တင်ဘာလ ၂ ရက် နံနက်ပိုင်း၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီလောက်က မာလာလီခရိုင်အတွင်း တွန်ဂန်ဆူလေမြို့ကနေ ကိန်ဂျီရေလှောင်တမံအနီး ဒပ်ဂါမြို့ကို နိုင်ဂျာမြစ်အတိုင်းထွက်ခွာလာတာပါ။
စက်လှေကို သစ်တုံးကိုတိုက်မိပြီးတဲ့နောက် နစ်မြုပ်မှုဖြစ်ခဲ့ရတာလို့ နိုင်ဂျားပြည်နယ် အရေးပေါ်အေဂျင်စီက ပြောခဲ့ပါတယ်။ အဓိကအကြောင်းမှာ စက်လှေပေါ် ဝန်နဲ့တန်ချိန်မမျှအောင် ခရီးသည်များတင် ဆောင်လာလို့ ဒီလိုနစ်မြုပ်ရတာဖြစ်တယ်လို့ အရေးပေါ်အေဂျင်စီ ပြောခဲ့ပါတယ်။
စက်လှေပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေလည်းပါပြီး သူတို့က ဒပ်ဂါမြို့ကို နာရေးတစ်ခုအတွက် ခရီးထွက် လာကြတာလို့သိရပါတယ်။
အရေးပေါ်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် အဗ္ဗဒူလာဟီ ဘာဘာ အရာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီး သေဆုံးသူဦးရေ မြင့်မားလာနိုင်တယ်လို့ပြောခဲ့ပါတယ်။ပျောက်နေတဲ့လူတွေကို ပြန်လည်တွေ့ရှိတာမှာဒဏ်ရာရရှိသူမြင့်မားလာတယ်လို့လည်း သူကပြောခဲ့ပါတယ်။
လူဆယ်ဦးကိုသာစိုးရိမ်ဖွယ်ရာအခြေအနေမှာပြန်ရှာတွေ့သေးတာဖြစ်ပြီး အများအပြားကတော့ပျောက်ဆုံးနေသေးတယ်လို့လည်း သိရပါတယ်။
Ref- Al Jazeera
