




၄.၉.၂၀၂၅
Written By Thandar
TTTI Buthitaung Production က ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ “ရင်ခုန်သံ အရင်းနှီးဆုံး” ရခိုင်ဗီဒီယို ဇာတ်ကားစာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ M3 Food Center မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီလိုဇာတ်ကားမျိုးရိုက်ချင်တဲ့ စိတ်ကူးရှိတာ ကြာပါပြီ။ ဟိုအရင်ကတည်းက ရခိုင်မြူးဇစ်မှာဆိုလည်း လိုင်းပေါင်းစုံရှိတယ်။ ရခိုင်ဗီဒီယိုက ရှိတော့ရှိတယ်။ ရှေ့ကိုမရောက်လာတာမို့ ခုမှအကောင်အ ထည်ဖော်ဖြစ်တာပါ။ ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းမှာလည်း ဖြိုးသဉ္ဇာကျော်ဆိုတဲ့ ညီမလေးလည်း ရှိတော့လေ။ ကျွန်တော့်အနေနဲ့ ပထမဆုံးရိုက်ဖြစ်တာပါ။ ရိုမန့်ဒရာမာဇာတ်လေးကိုမှ ကြားထဲမှာတော့ Comedy လေးတွေ ထည့်ထားပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က ရခိုင်စကားပြောမယ် ၂၀ ရာခိုင်နှုန်းလောက်ကတော့ မြန်မာလို ပါပါမယ်။ ရခိုင်ကားမို့ ရခိုင်တွေပဲကြည့်ရမှာမဟုတ်ပါဘူး။ အရင် ကိုရီးယားကားတွေဆိုလည်း ဘာသာစကားနားမလည်ဘဲ ကြည့်ကြတာပဲဆိုတော့ ဒီလိုပါပဲ။ တခြား အိန္ဒိယကားဆိုလည်း ဒီလိုပဲဆိုတော့ အကုန်ကြည့်လို့ရအောင် လုပ်ထားပါတယ်။ ရခိုင်စကားက မြန်နေလို့သာပါ။ သေချာနားထောင်ရင်တော့ နားလည်ကြမှာပါ”လို့ ဒါရိုက်တာ သရုပ်ဆောင်ဘုန်းလျံက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းကိုတော့ ဖြိုးသဉ္ဇာကျော်ကရေးသားပြီး ဒါရိုက်တာ ဘုန်းလျံက ရိုမန့်ဒရာမာဇာတ်လမ်းပုံစံ လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ပြီး ရန်ကုန်မြို့မှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ဘုန်းလျံ၊ ဝေရှိုင်း၊ ညီစေ့ (စန်းမြင့်ထွန်း)၊ ထက်မြက်၊ စိုးဝင်းမောင်၊ မီကိုခန့်၊ ဂျူးထက်ထက်အောင် ၊ သန္တာစိုး၊ ကံ့ကော်ပြည့်စုံ၊ ကလေးသရုပ်ဆောင် ပန်းအိသူ စတဲ့သူတွေ ပါဝင်ကြမှာလည်း ဖြစ်ပါတယ်။ ဇာတ်ဝင်တေးသီချင်းအနေနဲ့ တေးရေးဦးထွန်းလှိုင်ရေးပေးထားတဲ့ “ကိုယ့်အသည်းကွဲ” ကို တေး သံရှင် မိချောက သီဆိုပေးမှာဖြစ်သလို တေးသံရှင် ဂျူးထက်ထက်အောင်ရဲ့ သီချင်းကိုလည်း ထည့်သွင်းပုံဖော်သွားမယ်လို့ သိရပါတယ်။
ရခိုင်ဘာသာစကားပြောပြီး Subtitle ထိုးပြီးပြသမယ့် “ရင်ခုန်သံ အရင်းနှီးဆုံး” ဗီဒီယိုဇာတ်ကားကို For You Cinema Application က ထုတ်လွှင့်ပြသမှာလည်းဖြစ်ပါတယ်။
