
၄.၉.၂၀၂၅
Translated by Htwe Ko Tun
ပြင်သစ်နိုင်ငံက ဝိုင်အရက်ထုတ်လုပ်သူတစ်ဦးဟာ ယူရိုငွေ သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ရှန်ပိန်အရက်အတု ပုလင်းတွေကို ပြုလုပ်ရောင်းချခဲ့လို့ စက်တင်ဘာလ ၂ ရက်က ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
တရားရုံးက ဝိုင်အရက်ထုတ်လုပ်သူဟာ အမွှေးရနံ့နဲ့ ဓာတ်ငွေ့တို့ကို စပိန်နဲ့ ပြင်သစ်တောင်ပိုင်းတို့က ဝိုင်အရက်နဲ့ ရောစပ်ကာ ရှန်ပိန်ဒေသတွင်သာ ထုတ်လုပ်နိုင်သည့် သီးသန့် French sparkling ဝိုင်အဖြစ် ထုတ်လုပ်ခဲ့တာကို တရားရုံးက တွေ့ ရှိခဲ့ပါတယ်။
စပိန်ဝိုင်ကို ကာဗွန်ဖောက်ထည့်တာ အပါအဝင် အသေးစိတ် လှည့်စားမှုပြုပြီး ရှန်ပိန်ပုလင်းအတု ထောင်ပေါင်းများစွာကို ထုတ်လုပ်ရောင်းချခဲ့တဲ့ပြင်သစ် ဝိုင်ထုတ်လုပ်သူကို စက်တင်ဘာလ ၂ ရက်က ထောင်ဒဏ် ချမှတ်လိုက်တာလို့ သိရပါတယ်။ အသက် ၅၆ နှစ်အရွယ် ဝိုင်ထုတ်လုပ်သူ ဒီဒီယာ ချော့ပင် (Didier Chopin) ဟာ ကုမ္ပဏီကို နောက်တစ်ကြိမ် ထပ်မံလုပ်ကိုင်ခွင့်နဲ့ ရှန်ပိန်လုပ်ငန်းမှာ အနည်းဆုံး ငါးနှစ်ကြာ လုပ်ကိုင်ခွင့် တို့ကိုလည်း ပိတ်ပင်ခံခဲ့ရပါတယ်။
ရှန်ပိန်ဒေသရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရိမ်းစ်မြို့ (Reims) ရှိ တရားရုံးတစ်ရုံးက သူ့ကို ထောင်ဒဏ် ၁၈ လ ချမှတ်ခဲ့ပြီး နောက်ထပ် ဆိုင်းငံ့ထောင်ဒဏ် လ ၃၀ ကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။
သူ့ ရဲ့ဇနီးသည်ကိုလည်း လိမ်လည်လှည့်ဖြားမှုနဲ့ ကာကွယ်ထားသောအမှတ်တံဆိပ်အမည်ကို ခိုးယူမှု စွဲချက်တွေနဲ့ ဆိုင်းငံ့ထောင်ဒဏ် နှစ်နစ် ချမှတ်ခဲ့ပါတယ်။

Chopin နဲ့ သူ့ဇနီးကိုလည်း ဒဏ်ငွေ ယူရို ၁၀၀,၀၀၀ စီ ဒဏ်ရိုက်ခဲ့ပြီး သူတို့ရဲ့ ဦးပိုင်ကုမ္ပဏီ SAS Chopin ကိုလည်း အလွဲသုံးစားလုပ်မှုနဲ့ ကုမ္ပဏီပိုင်ဆိုင်မှုတွေကို အလွဲသုံးစားအသုံးပြုမှုတို့နဲ့ ဒဏ်ငွေ ယူရို ၃၀၀,၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
လိမ်လည်မှုမှာ ယူရိုငွေ သန်းပေါင်းများစွာတန်မယ်လို့ ခန့်မှန်းရပြီး ရှန်ပိန်စိုက်ပျိုးသူများ၊ ကုန်သည်များ အသင်းနဲ့ ဝယ်ယူသူအများအပြား အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေကို နစ်နာကြေးပေးဆောင်ဖို့လည်း တရားရုံးက အ မိန့်ချခဲ့ပါတယ်။
တရားလိုဘက်က “မဖွယ်မရာနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ လိမ်လည်မှု” အဖြစ် ရှုတ်ချခဲ့ပါတယ်။
ချော့ပင်က တရားခွင်အတွင်း သတင်းထောက်တွေကို “ကျွန်တော် အမှားလုပ်မိလို့ ပျက်စီးသွားတာ၊ ဒီတော့တခြားဘာမှ ထပ်ပြောစရာ မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမြောက်ပိုင်း အေ့စ်နီ (Aisne) ဒေသမှ ဝိုင်ထုတ်လုပ်သူဟာ ဝန်ထမ်းဟောင်းငါးဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စွပ်စွဲခံရပြီးနောက် သီးခြားအမှုကိုလည်း ရင်ဆိုင်နေရပါတယ်။
သူ့ရဲ့ရှေ့နေ ဖရန်စစ် ဖော်စီယာက ဆိုင်းငံ့ပြစ်ဒဏ်အတွက် ငြင်းဆိုခဲ့ပြီး သူ့ရဲ့အမှုသည် ချော့ပင်အနေနဲ့ မော်ရိုကိုမှာ ထောင်ဒဏ်ခုနစ်လကြာ ဆိုးရွားသောအခြေအနေမှာ နေခဲ့ရပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာ ဝန်ထမ်းဟောင်းတွေက ရှန်ပိန်အရက်တုလိမ်လည်မှုကို ဖော်ထုတ်ပြီးနောက် သူဟာ မော်ရိုကိုနိုင်ငံကို ထွက်ပြေးကာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး လုပ်ငန်းသစ်ကို စတင်ခဲ့ပါတယ်။
ဒီနောက် ချက်လက်မှတ်တွေနဲ့ပတ်သက်လို့ စည်းကမ်း ဖောက်ဖျက်မှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
အကောက်ခွန် ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ စစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြင်သစ်နိုင်ငံပြင်ပကို ရှန်ပိန်အရက်အတုတွေ တင်ပို့မှုကိုတော့ စစ်ဆေးဖို့ ဖေဖော်ဝါရီ ၃ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
Ref- AFP
