၄. ၉. ၂၀၂၅
Translated by Thettant
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနဟာ ထိုင်း-မြန်မာနယ်စပ်က စခန်းခုနစ်ခုမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ၇ သိန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေဖို့အတွက် ဘတ်ငွေ သန်း ၁၆၀ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။
ဒီဘတ်ဂျက်အဆိုပြုချက်ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာအလှူရှင်တွေရဲ့ အကူအညီအပေါ် အဓိက မှီခိုနေရတဲ့ ဒုက္ခသည်စခန်းတွေအတွက် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ သမ္မတသက်တမ်း အစပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရပ်ဆိုင်းလိုက်တဲ့နောက်ပိုင်းမှာ ဒီအလှူငွေတွေအပေါ် မှီခိုရမှု ပိုမိုသိသာလာခဲ့တာကြောင့် ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာပြည်တွင်းက စစ်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံတဲ့ခိုလှုံရာနေရာ ပေးအပ်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကန့်အသတ်ရှိတာကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုတွေကို ကာကွယ်ဖို့ဆိုတဲ့ စိန်ခေါ်မှုနှစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။
ပြည်သူ့ကျန်းမာရေးဝန်ကြီး Somsak Thepsutin က ငွေကြေးအထောက်အပံ့ မလုံလောက်မှုကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်တော့ရင် စခန်းတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဝန်ကြီးဌာနက ဘတ်ငွေ သန်း ၁၆၀ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၅ သန်း) ကို အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ရယူဖို့ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။
ဘန်ကောက်ပို့စ်သတင်းရဲ့ ဖော်ပြချက်အရ Somsak က ရေရှည်တည်တံ့တဲ့ ဒုက္ခသည်မူဝါဒတွေအတွက် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးကောင်စီရုံးတို့လို နိုင်ငံတော်အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒုက္ခသည်တွေကို စခန်းပြင်ပမှာ အလုပ်လုပ်ခွင့်ရဖို့ဆိုတာကလည်း သူတို့ကို လူမှုဖူလုံရေးစနစ်ထဲ ထည့်သွင်းဖို့အတွက် အရေးကြီးပြီး၊ အဲဒီလို လုပ်ဆောင်နိုင်ရင် ကျန်းမာရေးအကျိုးခံစားခွင့်တွေအတွက် လူမှုဖူလုံရေးရန်ပုံငွေကို သူတို့ကိုယ်တိုင် ထည့်ဝင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာနဟာ စခန်းတွေအတွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံက ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၉၆ ဦးကို ငှားရမ်းဖို့ စီစဉ်နေပြီး ဒါအတွက် တစ်နှစ်လျှင် ဘတ် ၁၉ သန်း (အမေရိကန်ဒေါ်လာ ၅၈၇,၉၄၅) ကိုလည်း ဘတ်ဂျက်ချထားပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိအချိန်မှာ ရွှေ့ပြောင်းအလုပ်သမား ၄ သန်းအနက် ၂၂ ဒသမ ၆ ရာခိုင်နှုန်းဟာ ကျန်းမာရေးအာမခံ မရှိသေးဘဲ ၄၂ ဒသမ ၁ ရာခိုင်နှုန်းကတော့ လူမှုဖူလုံရေးအစီအစဉ်မှာ ပါဝင်နေပါတယ်။
အလားတူ သတင်းတစ်ခုအနေနဲ့ သြဂုတ်လ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ Jirayut Huangsub က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဟာ ရေရှည်နေထိုင်တဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ထိုင်းအစိုးရအဖွဲ့က သြဂုတ်လ ၂၆ ရက်နေ့မှာ မြန်မာ့ပဋိပက္ခကနေ ထွက်ပြေးလာပြီး ယာယီခိုလှုံရာနေရာတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြုတဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းအသစ်တွေကို အတည်ပြုခဲ့ပြီးနောက်မှာ ဒီအလုပ်လုပ်ကိုင်ခွင့်အကြောင်းကို တရားဝင်ထုတ်ပြန်ခဲ့တာပါ။ ဒီလုပ်ရပ်က ဒုက္ခသည်တွေကို တရားဝင်အလုပ်ခွင်ထဲ ဝင်ရောက်နိုင်စေပြီး ထိုင်းနိုင်ငံရဲ့ စီးပွားရေးကိုလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
Ref , Thaiger
