၄. ၉. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ်၊ ဘန်ပရွန်းမြို့နယ်၊ ဆွိုင် ဘန်ပရွန်း (၂) မှာရှိတဲ့ အဆောင်ပိုင်ရှင်တစ်ဦးဟာ အိမ်လခ ၂ လ ပေးဖို့ ကျန်နေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့အခန်းကို ဖွင့်လိုက်တဲ့အခါ အံ့အားသင့်ခဲ့ရပါတယ်။
အခန်းထဲမှာ အမှိုက်ပုံကြီးလို အမှိုက်တွေ ပြည့်နှက်နေပြီး ရေချိုးခန်းကလည်း ဘယ်တုန်းကမှ မသန့်ရှင်းဖူးသလိုမျိုး အရမ်းကို ညစ်ပတ်ကာ အနံ့အသက်ဆိုးတွေ ထွက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

အဆောင်ပိုင်ရှင်က ဒီလူငယ်ဟာ ရုပ်ရည်သန့်ပြန့်ပြီး မနက်တိုင်း အလုပ်သွားကာ ညဘက်ရောက်မှ ပြန်လာလေ့ရှိတယ်လို့ ပြောပါတယ်။ သူက အဲဒီအခန်းမှာ သုံးနှစ်နီးပါးနေခဲ့ပြီး အပေါ်ယံကြည့်ရင် ဒီလိုအမူအကျင့်မျိုးရှိလိမ့်မယ်လို့ မထင်ရဘူးလို့လည်း ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ လအတွင်းမှာ အိမ်ငှားဟာ အိမ်လခမပေးနိုင်ခဲ့ဘဲ သူ့ရဲ့တီဗီ၊ ပန်ကာနဲ့ ရေခဲသေတ္တာတို့ကို ရောင်းပြီး အခန်းခရှင်းမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တန်တော့ သူ့ကို ဆက်သွယ်လို့ မရခဲ့ဘဲ ထွက်ပြေးသွားတာကြောင့် အိမ်ရှင်က စက်တင်ဘာ ၂ ရက်မှာ အခန်းကို ဖွင့်ကြည့်လိုက်မှသာ အခန်းက အမှိုက်ပုံဖြစ်နေတဲ့ အဖြစ်မှန်ကို သိရှိခဲ့ရပြီး အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။
