◾️နျူကလီးယား၊ ရေအား၊ လေအား၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးများ လေ့လာခဲ့သည့်အပြင် မြန်မာနိုင်ငံ၌ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့
၄. ၉. ၂၀၂၅
Written by Nyein Kyaw

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဟာပင်းမြို့ရှိ Harbin Institute of Thechnology နှင့် Harbin Electric Coporation သို့ ယနေ့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Harbin Institute of Technology သို့ ရောက်ရှိချိန်တွင် Harbin Institute of Technology ၏ ဥက္ကဋ္ဌ Mr. Han Jie Cai နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်ပြတိုက်အတွင်း၌ တက္ကသိုလ်၏ မိတ်ဆက် ဗီဒီယိုအားကြည့်ရှုခဲ့ကြသည်။

ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မစ်ဇိုင်းများထုတ်လုပ်ခဲ့မှု၊ ဒုံးပျံများ၊ ဂြိုလ်တုများ သုတေသနပြု တီထွင်ထုတ်လုပ်ခဲ့မှု၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နျူကလီးယားဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံးများ စမ်းသပ်တီထွင်အောင်မြင်ခဲ့မှု၊ ကုဏ္ဍအလိုက်ဂြိုလ်တုများ တီထွင်ထုတ်လုပ်လွှတ်တင်ခဲ့မှု၊ အာကာသပိုင်းဆိုင်ရာ အောင်မြင်မှုများ၊ လကမ္ဘာသို့ ဆင်းသက်မှုပြခန်း၊ အာကာသ ယာဉ်များလွှင့်တင်ခဲ့မှု၊ တရုတ်နိုင်ငံမှ ပေါ်ထွန်းခဲ့သည့် အာကာသပညာရှင်များပြခန်းတို့အား လှည့်လည်ကြည့်ရှုလေ့လာကြခဲ့ရာတွင် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ယာယီသမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြောကြားပြီး Harbin Institute of Technology နှင့် မြန်မာနိုင်ငံအကြား အာကာသဆိုင်ရာ နည်းပညာများ မျှဝေနိုင်မှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် Harbin Electric Corporation သို့ သွားရောက် လေ့လာကြရာတွင် ကုမ္ပဏီပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ရေအားလျှပ်စစ်သုံးဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားလျှပ်စစ်သုံး ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု့လေ့လာခဲ့သည်။
ထို့ပြင် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် လိုအပ်သည့်ဂျင်နရေတာများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိမှု၊ Green Power Energy ထုတ်လုပ်ခြင်းများဖြစ်အောင် ဆောင်ရွက်လျက်ရှိမှု၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုများအား လှည့်လည်ကြည့်ရှုလေ့လာရာတွင် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် စက်ရုံအတွင်း AI စနစ်အသုံးပြု၍ စက်ပစ္စည်းကိရိယာများ ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
