
သတိုး
၂၉. ၈. ၂၀၂၅
ယနေ့ ဩဂုတ် ၂၉ ရက် နံနက်တွင် စစ်ကိုင်းတောင်ရိုး၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာအကယ်ဒမီရှိ သံဝေဇနိယဓမ္မဗိမာန်တော်ကြီးတွင် သီတဂူအဓိပတိဆရာတော်ကြီးအား သာသနာပိုင်ဘွဲ့တံဆိပ်တော် ဆက်ကပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်ဟု သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။

ဆရာတော်ဘုရားကြီးအား ကန်တော့ပြီးနောက် ရွှေကျင်သာသနာပိုင်ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းနှင့် စပ်လျဉ်း၍ အကျိုးတော်ဆောင် အဝေရာ ရာမရန်ကင်းဆရာတော်ကလျှောက်ထားခဲ့ကာ ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌမဟာနာယက ဓမ္မသေနာပတိ သောဠသမရွှေကျင်သာသနာပိုင် စစ်ကိုင်းတောင်ရိုး သီတဂူဆရာတော်ဘုရားကြီးကို သာသနာပိုင် ဘွဲ့တံဆိပ်တော်၊ ဘွဲ့ပုံတော်လက်မှတ်၊ သာသနာပိုင်အလံတော်၊ ဘွဲ့တံဆိပ်တုံးများကို ဆက်ကပ်ခဲ့သည်။

တို့သို့ ဆက်ကပ်ရာတွင် ဘွဲ့ပုံတော်လက်မှတ်ကို အကျိုးတော်ဆောင်ချုပ် ဝိဇ္ဇာလင်္ကာရဆရာတော်ကြီးက သီတဂူအဓိပတိဆရာတော်ကြီးကို ဆက်ကပ်ခဲ့ကာ သာသနာပိုင်အလံတော်ကို အကျိုးတော်ဆောင် အဝေရာရာမ ရန်ကင်းဆရာတော်ကြီးနှင့် သာသနာပိုင် ဘွဲ့တံဆိပ်တုံးကို အကျိုးတော်ဆောင် ကျောက်မဲဆရာတော်ကြီးက သီတဂူအဓိပတိဆရာတော်ကြီးကို ဆက်ကပ်ခဲ့သည်ဟု သိရသည်။

ဘွဲ့ပုံတော်လက်မှတ်၊ သာသနာပိုင်အလံတော်၊ ဘွဲ့တံဆိပ်တုံးများကို ဆက်ကပ်ခဲ့ပြီးနောက် သီတဂူအဓိပတိဆရာတော်ဘုရားကြီးက အနုမောဒနာဩဝါဒကထာ မိန့်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရွှေကျင်သာသနာပိုင်ဆရာတော်နှင့် တွဲဖက်သာသနာတော်ပိုင် ဆရာဘုရားကြီး လေးပါးကို ၂၀၁၈ က တင်မြောက်ခဲ့ပြီး ရွှေကျင်သာသနာပိုင်ဆရာတော်ဘုရားကြီးဖြစ်သည့် ဝိဇ္ဇောတာရုံဆရာတော်ကြီး ဘဒ္ဒန္တဝိဇ္ဇောတ မဟာထေရ်သည် ၂၀၂၂ ခုနှစ် မတ်လက ပျံလွန်ခဲ့ကာ တွဲဖက်သာသနာပိုင်ဆရာတော်ကြီးလေးပါးအနက် မတ္တရာသူဌေးကျောင်းဆရာတော် ဘဒ္ဒန္တမာနိတသိရီဘိဝံသမှာလည်း ၂၀၁၈ ခုနှစ်တွင် ပျံလွန်ခဲ့သည်။ ထို့နောက် တွဲဖက်ရွှေကျင်သာသနာပိုင်သုံးပါးအနက် သက်တော်အကြီးရင့်ဆုံး သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရမှာ ရွှေကျင်သာသနာပိုင်ဖြစ်လာခဲ့သည်။ ကျန် တွဲဖက် သာသနာပိုင်ဆရာတော် နှစ်ပါးအနက် မန္တလေး – မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဉာနာဘိဝံသမှာလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က ခန္ဓာဝန်ချခဲ့ပြီဖြစ်သဖြင့် တွဲဖက်သာသနာပိုင်ဆရာတော်မှာလည်း ပါမောက္ခချုပ်ဆရာတော်ကြီးအဖြစ်ထင်ရှားသည့် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ တစ်ပါးသာ သက်တော်ထင်ရှားကျန်ရှိသည်ဟု သိရသည်။

