၃၀.၈.၂၀၂၅
written by Htwe Ko Tun
အီတလီနိုင်ငံမှ တွဲဖက်ပါမောက္ခ Mr. Lorenzo Maria Pacini က မြန်မာနိုင်ငံအကြောင်းကို ၎င်းကိုယ်တိုင် လေ့လာရေးသားထားသော Myanmar in the Golden Land စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ The Eravati Sule Grand Yangon Hotel တွင် သြဂုတ်လ ၂၉ ရက် မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် စာပေမြတ်နိုးသူများပါတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဤစာအုပ်ကဲ့သို့ပင် နိုင်ငံခြားသားများက မြန်မာနိုင်ငံအကြောင်းရေးသားထားသည့် အခြားစာအုပ်များလည်းရှိကြောင်း၊ သို့သော် ဤစာအုပ်က အဖြစ်မှန်၊ အခြေအနေမှန်များကို ကိုယ်တိုင်လေ့လာရေးသားထားခြင်းဖြစ်၍ တမူထူးခြားကြောင်း၊ မြန်မာနိုင်ငံအကြောင်း သမိုင်းဦးကာလမှသည် မျက်မှောက်ခေတ်အထိ အပိုင်းလိုက်ခွဲ၍ တင်ပြထားသည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံ၏အခြေအနေမှန်များကိုအနောက်နိုင်ငံများ၏ စံနှုန်းများနှင့်မတိုင်းတာဘဲရေးသားထားခြင်းဖြစ်သည်ကိုလည်း တွေရကြောင်း၊ ဤအတွက် ဖတ်ရှုသင့်သောစာအုပ်ကောင်းတစ်အုပ်ဖြစ်ကာ စာရေးသူ Mr. Lorenzo နှင့်ထုတ်ဝေသူတို့အား အထူးကျေးဇူးတင်ကြောင်း ပြောခဲ့သည်။
စာရေးသူ Mr. Lorenzo ကလည်း စာအုပ်အကြောင်းနှင့် စာအုပ်၏ ရည်ရွယ်ချက်၊ ပါဝင်သည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
စာအုပ်အားရေးသားပြုစုသူ Mr. Lorenzo Maria Pacini မှာ အီတလီနိုင်ငံ UniDolomiti of Belluno တက္ကသိုလ်၊ နိုင်ငံရေးအတွေးအခေါ်နှင့် ပထဝီနိုင်ငံရေးဌာနနှင့် ဆွစ်ဇာလန်နိုင်ငံ UniCampus HETG of Geneva တက္ကသိုလ်တို့မှတွဲဖက်ပါမောက္ခတစ်ဦးဖြစ်ကာ မြန်မာနိုင်ငံအပေါ်နိုင်ငံတကာအသိုက်အဝန်းက ပိုမိုနားလည်သဘောပေါက်ပြီး နိုင်ငံတကာဆက်ဆံရေးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ရေးသားခဲ့ကြောင်း ပြောခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း ဤစာအုပ်မှာ မြန်မာနိုင်ငံအကြောင်းရေးသားရာတွင် သတင်းများ၊ တစ်ဆင့်စကားများကို အခြေခံ၍ ရေးသားခြင်းမဟုတ်ဘဲ ပြည်ပနိုင်ငံသားတစ်ဦးအနေဖြင့် လက်ရှိအခြေအနေမှန်များကို လေ့လာရေးသားထားခြင်းဖြစ်၍ ဘက်လိုက်မှုလည်းကင်းကာအမှန်တရားကိုထုတ်ဖော်ပြနိုင်မည့်စာအုပ်ကောင်းတစ်အုပ်အဖြစ်လည်း သုံးသပ်ကြကြောင်း သိရသည်။
