၂၇.၈.၂၀၂၅
Translated by Htwe Ko Tun
ဗီယက်နမ်နိုင်ငံအတွင်း ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းက တိုင်ဖွန်း ကာဂျီကီ ဝင်ရောက်တိုက်ခတ်မှုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများပါဖြစ်ခဲ့ရခြင်းနှင့်အတူ မြို့တော်ဟနွိုင်း၌ပင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ရပြီး သေဆုံးသူ အနည်းဆုံး ခုနစ်ဦးထိ မြင့်တက်လာခဲ့ကြောင်း ဩဂုတ်လ ၂၇ ရက် နံနက်သတင်းများက ဖော်ပြခဲ့သည်။
ဩဂုတ်လ ၂၅ ရက် မွန်းလွဲပိုင်းက ကုန်းတွင်းဝင်ရောက်ခဲ့သော တိုင်ဖွန်းကာဂျီကီကြောင့် ဗီယက်နမ်နိုင်ငံအတွင်း လူနေအိမ် ထောင်နှင့်ချီ၍ ပျက်စီးခဲ့ကာ စပါးစိုက်ခင်း ဟက်တာ ၈၁,၅၀၀ နှင့် သီးနှံစိုက်ခင်း ဟက်တာ ၄,၅၀၀ တို့လည်း ရေလွှမ်းမိုးခံခဲ့ရကြောင်းအစိုးရ၏ ဝက်ဘ်ဆိုက်ကြေညာချက်တစ်ခုက ဆိုသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုက ဟနွိုင်းမြို့၏လမ်းအတော်များများ ရေလွှမ်းမိုးကာ ကားနှင့်ဆိုင်ကယ်များမှာ လျင်မြန်စွာမြင့်တက်လာသော ရေမျက်နှာပြင်အောက်တွင် နစ်မြုပ်ကုန်ကြပြီး မြို့၏နေရာအများအပြားတွင် အသွားအလာ လုံးဝရပ်ဆိုင်းခဲ့ရသည်။
မုန်တိုင်း၏နောက်ဆက်တွဲအနေနှင့် ဗီယက်နမ်မြောက်ပိုင်းနှင့်မြောက်ဘက်အလယ်ပိုင်းဒေသများတွင်ဩဂုတ်လ ၂၇ ရက်၌ မိုးသည်းထန်စွာဆက်လက်ရွာသွန်းခဲ့ကာ အာဏာပိုင်များကလည်း ပြည်နယ်ကိုးခုအတွင်း ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း သတိပေးကြေညာထားသည်။
မုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံတွင် အပင် ၂၁,၀၀၀ ခန့် ပြိုလဲပျက်စီးခဲ့ကြောင်းလည်း သိရသည်။
အနောက်ဘက်သို့ ဆက်လက်ရွေ့လျားလာသော မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များက ဩဂုတ်လ ၂၆ ရက် ညပိုင်းတွင် လာအိုနိုင်ငံမှ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီးနောက် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ချင်းမိုင်ပြည်နယ်၊ မယ်ချမ်းခရိုင်အတွင်း ကျေးရွာတစ်ရွာတွင် ဩဂုတ်လ ၂၇ ရက် နံနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်းလည်း သိရသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ အိမ်ဆယ်လုံး ထိခိုက်ပျက်စီးခဲ့ရာ ခုနစ်လုံးမှာ လုံးဝပြိုကျသွားခဲ့ရကြောင်းသတင်းများက ဖော်ပြခဲ့ကြသည်။
Ref- Bangkok Post


