◾️ နိုင်ငံရေးပါတီများ PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများကို ဦးစားပေး တင်သွင်းရမည်
◾️ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများ ယခုကပင်စ၍ စီစဉ်ထားရန် UEC ဥက္ကဋ္ဌ မှာကြား
၂၇. ၈. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီများအနက် နိုင်ငံရေးပါတီ ၆၁ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၉ ပါတီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၂ ပါတီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသန်းစိုးက ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြောကြားသည်။
နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် မဲဆန္ဒနယ်အရေအတွက်၊ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ကိုက်ညီရန် လိုအပ်ကြောင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရာတွင် ပညာအရည်အချင်း သတ်မှတ်ချက်ဖြစ်သည့် အခြေခံ ပညာအထက်တန်းဆင့် ပြီးမြောက်သူများဖြစ်ရမည့်အချက်ကို သတိမူကြစေလိုကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသည် အစိုးရအသိအမှတ်ပြုတက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရသူများဖြစ်ရမည်ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ယခုကပင်စ၍ စီစဉ်ထားရန်ဖြစ်ကြောင်း၊ ပြည်သူအားကိုးရပြီး နိုင်ငံကိုအကျိုးပြုမည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်တင်သွင်းကြရန် တိုက်တွန်းလိုကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပြီး အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက်မူ ရောနှောထားသောကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကို ကျင့်သုံးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အီလက်ထရောနစ်မဲပေးစက်သုံးပြီး မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲတစ်မဲသည် ကိုယ်စားလှယ်လောင်းကိုသာမကပါတီကိုပါ မဲပေးသည့်ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံရေးပါတီများအနေဖြင့် PR မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအစီအစဉ်ဖြင့်ကော်မရှင်သို့ တင်သွင်းပေးရမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်မှုအနေဖြင့် FPTP ကိုယ်စားလှယ်လောင်းများနည်းတူ PR ကိုယ်စားလှယ်လောင်းများသည်လည်း မဲဆွယ်စည်းရုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းပြီး ရွေးကောက်ပွဲလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲပါဝင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများအတွက်လည်းကောင်း လုံခြုံရေးအရ အကာအကွယ်ပေးနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။
ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် သန္နိဋ္ဌာန်ထား ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေနှင့် အတူလက်တွဲပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် UEC ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၆၁ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
