၂၇. ၈. ၂၀၂၅
Translated by Thettant
အမေရိကန် ပေါ့ပ်စတား Taylor Swift နဲ့ National Football League (NFL) ကစားသမား Travis Kelce တို့ နာမည်ကျော်စုံတွဲဟာ သြဂုတ်လ ၂၆ ရက်နေ့ (အင်္ဂါနေ့) က စေ့စပ်ကြောင်းလမ်းပြီဖြစ်ကြောင်း ပူးတွဲ Instagram ပို့စ်တစ်ခုနဲ့ ကြေညာခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ “မင်းတို့ရဲ့ အင်္ဂလိပ်စာဆရာမနဲ့ မင်းတို့ရဲ့ Gym ဆရာတို့ လက်ထပ်တော့မယ်” လို့ ရေးသားခဲ့ပြီး Kelce က ပန်းရောင်နဲ့ နှင်းဆီပန်းတွေပြည့်နေတဲ့ ဥယျာဉ်ထဲမှာ လက်ထပ်ခွင့်တောင်းနေတဲ့ ဓာတ်ပုံတွေကိုလည်း တွဲဖက်တင်ခဲ့ပါတယ်။ နောက်ခံမှာတော့ Swift ရဲ့ သီချင်းဖြစ်တဲ့ “So High School” ကို ဖွင့်ထားခဲ့ပါတယ်။
အဆိုပါပို့စ်ဟာ မိနစ် ၂၀ အတွင်းမှာ ၁ ဒသမ ၈ သန်းကျော် Like ရခဲ့ပါတယ်။ NFL ကလည်း ဂုဏ်ပြုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ Donald Trump ကလည်း သတင်းထောက်တွေကို “သူတို့အတွက် အောင်မြင်မှုတွေ အများကြီး ဆုတောင်းပေးပါတယ်။ သူဟာ ကစားသမားကောင်းတစ်ယောက်လို့ ကျွန်တော်ထင်ပါတယ်။ သူမကလည်း လူကောင်းတစ်ယောက်ပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း မင်္ဂလာဆောင်မယ့်ရက်ကိုတော့ သူတို့က မကြေညာသေးပါဘူး။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Swift နဲ့ Kelce တို့ဟာ ၂၀၂၃ ခုနှစ်မှာ Kansas City Chiefs အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Arrowhead Stadium မှာ Swift ဖျော်ဖြေပြီးနောက်မှာ စတင်ချစ်ကြိုက်ခဲ့ကြပါတယ်။ Kelce က သူတို့ညီအစ်ကိုရဲ့ NFL နဲ့ အားကစားတွေအကြောင်းပြောတဲ့ New Heights podcast ဖျော်ဖြေပွဲမှာ Swift နဲ့ စတင် မတွေ့ခဲ့ရတဲ့အတွက် စိတ်ပျက်ခဲ့ရကြောင်း နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။
Swift ကလည်း Kelce ရဲ့ လူသိရှင်ကြား အချစ်ကြေညာမှုကြောင့် စိတ်လှုပ်ရှားမိကြောင်း နောက်ပိုင်းမှာ ပြောခဲ့ပြီး အဲဒါကို ၈၀ ပြည့်နှစ်တွေက John Hughes ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ ဩဂုတ်လလယ်မှာ ပေါ့တ်ကတ်စ်မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့စဉ်က “ဒီလူက အရူးမဟုတ်ဘူးဆိုရင်… ဒါဟာ ကျွန်မ ဆယ်ကျော်သက်အရွယ်ကတည်းက ဖြစ်စေချင်တဲ့အရာတွေကို သီချင်းတွေနဲ့ ရေးခဲ့တာပဲ” လို့ ပြောခဲ့ပါတယ်။
နာမည်ကျော်စုံတွဲဟာ အစပိုင်းမှာ သူတို့ရဲ့ ဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ပေမယ့် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ Swift က Chiefs အသင်းပွဲစဉ်တစ်ခုကို လာရောက်ကြည့်ရှုချိန်မှာ လူသိရှင်ကြားဖြစ်လာခဲ့ပါတယ်။ “ပထမဆုံးပွဲကို ကျွန်မသွားတဲ့အချိန်မှာ ကျွန်မတို့ စုံတွဲဖြစ်နေပါပြီ” လို့ Swift က ပြောခဲ့ပါတယ်။
Swift က Kelce ကို အားပေးဖို့ Chiefs အသင်းပွဲစဉ်တွေမှာ မကြာခဏဆိုသလို လာရောက်ခဲ့ပြီး Kelce ကလည်း တစ်ကမ္ဘာလုံးမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော် ဝင်ငွေရရှိခဲ့တဲ့ Swift ရဲ့ စံချိန်တင် “Eras Tour” ဖျော်ဖြေပွဲတွေကို တက်ရောက်ခဲ့ပါတယ်။
ရုပ်သံလွှင့်မှုတွေအတွင်းမှာ Swift ကို မကြာခဏ ရုပ်ပုံ ဖြတ်တောက်ပြသတာအတွက် NFL ပရိသတ်အချို့က ဝေဖန်ခဲ့ပေမယ့် ဒီထွက်ပေါ်မှုတွေက သူတို့စုံတွဲကို ပေါ့ပ်ယဉ်ကျေးမှုဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေအဖြစ် ခိုင်မာစေခဲ့ပါတယ်။
ပရိသတ်တွေ၊ နာမည်ကြီးတွေနဲ့ အမှတ်တံဆိပ်တွေဆီကနေ တုံ့ပြန်မှုတွေ အများကြီး ထွက်ပေါ်လာခဲ့ပြီး Kancas City Chiefs အသင်းရဲ့ အကောင်းဆုံး Quarterback ကစားသမား Patrick Mahomes ရဲ့ ဇနီးဖြစ်သူ Brittany Mahomes က ဆိုရှယ်မီဒီယာမှာ “အစစ်အမှန်ဆုံးလူနှစ်ယောက် တွေ့ဆုံပြီး ချစ်ကြိုက်သွားကြတာ။ ဒီနှစ်ယောက်အတွက် အရမ်းပျော်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
Google ကလည်း အသုံးပြုသူတွေက Swift ရဲ့ နာမည်ကို ရှာဖွေတဲ့အခါ Confetti animation (ပျော်ပွဲရွှင်ပွဲမှာ ပစ်လွှတ်လေ့ရှိတဲ့ ရောင်စုံစက္ကူလေးတွေ) တွေ ပေါ်လာအောင် ထည့်သွင်းပေးခဲ့ပြီး Buffalo Wild Wings ကတော့ မင်္ဂလာဆောင်အတွက် အစားအသောက်တာဝန်ယူပေးမယ်လို့ ဟာသလုပ်ခဲ့ပါတယ်။
Swift ဟာ ဂရမ်မီဆု ၁၄ ဆု ရရှိခဲ့ပြီး “Album of the Year” အတွက် စံချိန်တင် ၄ ဆု ပါဝင်ပါတယ်။ သူမရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ “The Life Of A Showgirl” ကို အောက်တိုဘာလ ၃ ရက်နေ့မှာ ထွက်ရှိမယ်လို့ မကြာသေးခင်က ကြေညာခဲ့ပါတယ်။
အယ်လ်ဘမ်ဟာ ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ ခံစားချက်ဖြစ်မယ်လို့ ပရိသတ်တွေကို ပြောခဲ့ပြီး “ဘဝက ပိုပြီး ပျော်စရာကောင်းလာပြီ” လို့ သူမက ပြောခဲ့ပါတယ်။
သုံးကြိမ်တိုင်တိုင် Super Bowl ချန်ပီယံဖြစ်ခဲ့တဲ့ Kelce ဟာ သူ့ရဲ့အစ်ကိုဖြစ်သူ NFL ကစားသမားဟောင်း Jason Kelce နဲ့အတူ “New Heights” ကို ပူးတွဲစီစဉ်ခဲ့ပါတယ်။ သူဟာ ရုပ်သံမှာလည်း ပါဝင်ခဲ့ပြီး Prime Video ရဲ့ “Are You Smarter Than A Celebrity?” ဂိမ်းရှိုးကိုလည်း အစီအစဉ်တင်ဆက်သူလုပ်ခဲ့သလို မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Netflix ရုပ်ရှင် “Happy Gilmore 2” မှာလည်း ပါဝင်ခဲ့ပါတယ်။
Ref, CNA




