၂၇. ၈. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းမည်ဖြစ်၍ ယခုဘဏ္ဍာနှစ် ငါးလခန့်အတွင်း ဒေါ်လာ ၅၈၃ သန်း ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလတွင် ၉၃ သန်း၊ မေလတွင် ဒေါ်လာ ၈၆ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဇွန်လတွင် ဒေါ်လာ ၁၂၅ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၅၃ သန်း ထုတ်ရောင်ပေးထားသည်။
ယခုထပ်မံထုတ်ရောင်းပေမည့် ဒေါ်လာ ၃၂ သန်းအပါအဝင် ဩဂုတ်လတွင် လေးကြိမ်ရောင်းချပေးမှု ဒေါ်လာ ၁၂၆ သန်းရောင်းချပေးခဲ့၍ ယခုဘဏ္ဍာနှစ် ငါးလခန့်တွင် စုစုပေါင်းဒေါ်လာ ၅၈၃ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ အထိ ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ထို့အတူ အခြားသွင်းကုန်လုပ်ငန်းရှင်များအတွက်လည်း မြန်မာ- တရုတ်နယ်စပ်တွင် အဓိက အသုံးပြုနေသည့် တရုတ်ယွမ် ၁၅ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။
ဗဟိုဘဏ်အနေဖြင့် Online Trading Platform မှတစ်ဆင့် ထုတ်ရောင်းပေးသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများမှာ ဩဂုတ် ၂၆ ရက် (ယမန်နေ့)တွင် အမေရိကန်တစ်ဒေါ်လာ ၃၆၂၆ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၅၅၅ ကျပ်ဖြစ်သော်လည်း ပြင်ပငွေဈေးကွက်တွင်မူ အမေရိကန်တစ်ဒေါ်လာ ၄၃၆၀ ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် ၆၀၉ ကျပ်ဖြစ်ပေါ်နေသည်။
