
၂၀.၅.၂၀၂၆
Written By Thandar
ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပမယ့် (၃၂) ကြိမ်မြောက် မင့်စ်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် “Listapad” မှာ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေကို ပါဝင်ပြသဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စတင်ဖိတ်ခေါ်နေလျက်ရှိပါတယ်။
“ကျွန်တော်တို့အနေနဲ့ ဘယ်လာရုစ်နိုင်ငံမှာ ကျင်းပမယ့် (၃၂) ကြိမ်မြောက် ရုပ်ရှင်ပွဲတော် “Listapad” မှာ ခုလိုဖိတ်ကြားထားတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖိတ်ခေါ်လိုက်တာပါ။ ပြသရမှာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ဘယ်လာရုစ်သမ္မတနိုင်ငံမှာ စီးပွားဖြစ်ပြသခြင်း မပြုခဲ့တဲ့ဇာတ်ကားဖြစ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် အခွင့်အလမ်းအသစ်လမ်းကြောင်းရတာမို့ အရမ်းလည်းကောင်းပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အတွင်းရေးမှူး ကိုချမ်းသာကြည်စိုးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ ပြိုင်ပွဲအတွက် ဖိတ်ကြားစာကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တဆင့်လက်ခံရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပွဲတော်မှာ ပြိုင်ပွဲဝင်ဇာတ်ကားတွေနဲ့ ပြိုင်ပွဲဝင်မဟုတ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ ပြသခြင်းနဲ့ ဂန္တဝင်ခေတ်ဇာတ်ကားဟောင်း ရုပ်ရှင်တွေပြသခြင်း စတဲ့ကဏ္ဍတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ခုနှစ်က ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အင်္ဂလိပ်နဲ့ ရုရှားစာတန်းထိုးပြီး ပြသရမှာလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဝင်ဖို့ရွေးချယ်ခံရတဲ့ ဇာတ်ကား(၁) ကားက ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးတို့ရဲ့ လေယာဉ်စရိတ်၊ (၃)ရက်စာ နေထိုင်စားသောက်စရိတ်တို့ကို ရုပ်ရှင်ပွဲတော် စီစဉ်သူဘက်က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကုန်ကျခံဖိတ်ခေါ်ပေးတယ်လို့ သိရပါတယ်။
(၃၂)ကြိမ်မြောက် မင့်စ်အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် “Listapad”မှာ ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ ဖော်ပြထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတဲ့ မြန်မာရုပ်ရှင် ဖန်တီးသူတွေက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို လာမယ့် ဇူလိုင် ၂၀ ရက်နေ့ နောက်ဆုံးထားဆက်သွယ် စာရင်းသွင်းရမှာ ဖြစ်ပါတယ်။
