သက်တံ့
၂၀. ၅. ၂၀၂၆
ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်ရှိ အလူမီနီယံကုန်ထုတ်လုပ်ရေး စက်ရုံကြီးတစ်ခုတွင် ယနေ့ (မေ ၂၀ ရက်) နံနက်ပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှ အလုပ်လုပ်ရာနေရာ၌ ရွှေနှင့် ငွေသားများကို သိမ်းဆည်းထားသည့် မြန်မာလုပ်သားတစ်ဦး၏ တစ်သက်တာ စုဆောင်းထားသမျှ အားလုံး ပြာကျကာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စမွတ်စခွန်ပြည်နယ်၊ ကရထုံဘန်မြို့နယ်၊ ထာ့ဆောင်းတိုက်နယ်၊ မူး (၁) ရှိ အလူမီနီယံ ကုန်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် မီးလောင်မှုဖြစ်ပွားကြောင်း ကရထုံဘန်ရဲစခန်း၏ ရေဒီယိုထိန်းချုပ်ရေးဗဟိုဌာနထံ သတင်းပေးပို့ချက် ရရှိခဲ့သည်။ ထို့ကြောင့် ထာ့ဆောင်းတိုက်နယ် စီမံခန့်ခွဲရေးအဖွဲ့နှင့် အနီးနားရှိ စည်ပင်သာယာရေးအဖွဲ့များမှ မီးသတ်ကား ၁၀ စီးထက်မက လာရောက်ငြှိမ်းသတ်ခဲ့ကြသည်။

ကရထုံဘန်မြို့နယ်အုပ်ချုပ်ရေးမှူး ဖီရွန်ရော့ နတ်ဒွန်ထရီသည် အခင်းဖြစ်ပွားရာနေရာတွင် အရေးပေါ်တုံ့ပြန်ရေး အမိန့်ပေးအရာရှိအဖြစ် တာဝန်ယူကာ ကရထုံဘန်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဖာဆာပွန် မွန်တာ၊ ထာ့ဆောင်းစီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ ဝါလော့ သောင်ဖတ်နှင့် ဒုတိယစုံစမ်းစစ်ဆေးရေးအရာရှိ ရဲဒုတိယဗိုလ် နတ်သီဖတ် နတ်ဆန်တို့နှင့်အတူ ပူးပေါင်းကာ မီးငြှိမ်းသတ်ရေးကို ဦးဆောင်ခဲ့သည်။
အဆိုပါစက်ရုံသည် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ အလူမီနီယံပြားများနှင့် အော်ဒါမှာယူသည့် အလူမီနီယံသွန်းလုပ်ငန်းများကို လုပ်ကိုင်ခြင်းဖြစ်ပြီး မြေဧရိယာ ၁၆,၀၀၀ စတုရန်းမီတာ (၃ ဒသမ ၉၅၃ ဧကခန့်) ခန့် ကျယ်ဝန်းကာ ကုန်လှောင်ရုံအဆောက်အအုံ ၄ လုံး ပါဝင်သည့် စက်ရုံဝန်းကြီးတစ်ခုဖြစ်သည်။
မီးလောင်မှုမှာ စက်ရုံဝန်း၏ နောက်ဘက်ရှိ အလူမီနီယံပြားများ ပြုပြင်ထုတ်လုပ်ပြီး ပုံသွင်းသည့် နေရာအဖြစ် အသုံးပြုသော ၁၆၀၀ စတုရန်းမီတာကျော် ကျယ်ဝန်းသည့် စတုတ္ထမြောက် ကုန်လှောင်ရုံတွင် စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပြင်းထန်သော အပူရှိန်ကြောင့် အမိုးနှင့် အဆောက်အအုံ အကာအရံအချို့ ပြိုကျပျက်စီးခဲ့ပြီး စက်ပစ္စည်းများနှင့် ထုတ်လုပ်မှုဆိုင်ရာ ကိရိယာများ ပျက်စီးခဲ့ရသည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူ သို့မဟုတ် သေဆုံးသူမရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုဖြစ်ပွားနေစဉ်အတွင်း အဆိုပါစက်ရုံမှ မြန်မာနိုင်ငံသား ကြီးကြပ်ရေးမှူး (Supervisor) တစ်ဦးက ၎င်း၏ စားပွဲတင်အံဆွဲအတွင်းရှိ အိတ်ထဲတွင် သိမ်းဆည်းထားသည့် ဘတ်ငွေ ၂ သိန်းနှင့် အလေးချိန် ထိုင်းရွှေ ၁၀ ဘတ် (၉ ကျပ်သားကျော်) ရှိသော ရွှေတုံးများကို သွားရောက်ရှာဖွေခွင့်ပြုရန် မီးသတ်သမားများအား အော်ဟစ်အသနားခံခဲ့သည်။ သို့သော်လည်း မီးလောင်ကျွမ်းမှု ပြင်းထန်လွန်းသဖြင့် အဆိုပါငွေသားများနှင့် ရွှေများကို ပြန်လည်ရယူနိုင်ခြင်း မရှိခဲ့ပေ။
ရွှေတစ်ကျပ်သားလျှင် ယနေ့ပေါက်စျေးအရ ၁၀၃ သိန်းကျော်ရှိပြီး ထိုင်းဘတ်တစ်ဘတ်လျှင် ၁၃၂ ကျပ်ဝန်းကျင်ရှိသဖြင့် မြန်မာလုပ်သားအဖို့ တစ်သက်တာလုံး စုဆောင်းခဲ့ရသော ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ ရွှေနှင့်ငွေများ ဆုံးရှုံးခဲ့ရခြင်းလည်းဖြစ်သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဖီရွန်ရော့က ထာ့ဆောင်းစီမံခန့်ခွဲရေးအဖွဲ့အား မီးလောင်မှုကြောင့် ပျက်စီးသွားသည့် ကုန်လှောင်ရုံကို ပိတ်ထားရန်နှင့် နောက်ထပ် အကြောင်းမကြားမချင်း အများပြည်သူ ဝင်ရောက်ခွင့်မပြုသည့် အန္တရာယ်ရှိသောဇုန်အဖြစ် သတ်မှတ်ရန် အမိန့်ပေးခဲ့သည်။ ထို့အပြင် မီးလောင်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်အတွက် မှုခင်းသိပ္ပံဌာနခွဲမှ မှုခင်းကျွမ်းကျင်သူများနှင့် အခြားသက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဒေသခံအာဏာပိုင်များကို ညွှန်ကြားထားကြောင်း သိရသည်။
Ref : Khaosod
