၂၀.၅.၂၀၂၆
Written by Linn Eain
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိ အခြေခံပညာကျောင်းများတွင် အပ်နှံနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ကလေးများကို ကျောင်းစတင် အပ်နှံရာတွင် ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG) သို့ အပ်နှံရမည်ဖြစ်ပြီး ၆ နှစ်အရွယ် ကလေးများကို ပထမတန်း (Grade 1) သို့ အပ်နှံရမည်ဖြစ်သည်။
၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝ မကောက်ခံကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် အခမဲ့ထောက်ပံ့မှုများမှာ သူငယ်တန်း (KG) မှ ပဉ္စမတန်း(Grade 5) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတစ်စုံထောက်ပံ့မည်ဖြစ်ပြီး ဆဋ္ဌမတန်း (Grade 6) မှ ဒွါဒသမတန်း (Grade 12 ) အထိ ဖတ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံးအနေဖြင့် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်းမပြုရန်၊ ငွေကြေး/ လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်နှင့် အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် သိရှိလိုက်နာရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့်လည်း မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်နှင့် ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။
ကျောင်းအပ်နှံရေးရက်သတ္တပတ်အပြီး ဇွန်လ ၁ ရက်တွင်မူ ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။




