သက်တံ့
၂၀. ၅. ၂၀၂၆
ဖိလစ်ပိုင်နိုင်ငံ ဘင်ဂတ် (Benguet) ပြည်နယ်၊ တူးဘား (Tuba) မြို့နယ်၊ ပိုဘလာစီယွန် (Poblacion) ကျေးရွာရှိ ကာဘူယာအိုတောင် (Mount Cabuyao) ပေါ်က သိပ်သည်းလှသော တောအုပ်တစ်ခုအတွင်းသို့ ဖိလစ်ပိုင်လေတပ်မှ လေ့ကျင့်ရေးလေယာဉ်တစ်စင်း ယနေ့ (မေ ၂၀ ရက်) နံနက်တွင် ပျက်ကျခဲ့သဖြင့် လေတပ်တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ကော်ဒီလာဒေသ ရဲတပ်ဖွဲ့စခန်း (PRO-Cordillera) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဒုတိယဗိုလ်မှူးကြီး ရွိုင်း ကာလူလော့ (Roy Calulot) က ဒဏ်ရာရရှိသူတစ်ဦးမှာ ဖိလစ်ပိုင်လေတပ် (PAF) မှ ပထမဗိုလ် Ruth Angelique R. Pasos ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း ၎င်းနှင့်အတူပါလာသည့် လေတပ်အဖွဲ့ဝင်ဖြစ်သူ အခြားတစ်ဦး၏ အမည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ရဲဒုတိယဗိုလ်မှူးကြီး ကာလူလော့၏ ပြောကြားချက်အရ အမြုတေအမှတ် ၁၀-၃၉ (Tail No.10-39) နှင့် ခေါ်ဆိုမှုအမှတ် “Cougar Delta 1” ဟု သတ်မှတ်ထားသည့် အဆိုပါ PAF SF260 (SIAI-Marchetti SF-260) အမျိုးအစား လေ့ကျင့်ရေးလေယာဉ်သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့ထံသို့ နံနက် ၁၁ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် လာရောက်သတင်းပို့ခဲ့ခြင်း ဖြစ်သည်။
တူးဘားမြို့နယ် ရဲစခန်း၊ ဘာဂီအိုမြို့မရဲတပ်ဖွဲ့ စခန်း-၁၀၊ တူးဘားမြို့နယ် မီးသတ်ဦးစီးဌာနနှင့် တူးဘားမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့က ဖြစ်ပွားရာနေရာသို့ သွားရောက်ကာ လူနာများကို ကယ်ဆယ်ခဲ့ကြသည်။
ဖိလစ်ပိုင်လေတပ် တံဆိပ်ရိုက်နှိပ်ထားသည့် မီးခိုးရောင်၊ အဖြူရောင်နှင့် လိမ္မော်ရောင်စပ် လေယာဉ်သည် ဘာတန်ဂတ်စ် (Batangas) ပြည်နယ်၊ လီပါ (Lipa) မြို့ရှိ ဘာစီလီယို ဖာနန်ဒို (Basilio Fernando) လေတပ်စခန်းမှ ပျံသန်းတက်ရောက်လာခြင်း ဖြစ်သည်။ လေယာဉ်ပျောက်ဆုံးမသွားမီ နောက်ဆုံးခြေရာခံမိသည့် တည်နေရာမှာ ယခုဒေသရှိ လိုအာကန် (Loakan) လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် ၂ မိုင် အကွာတွင် ဖြစ်သည်။
လက်ရှိတွင် အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ယခုသတင်းထုတ်ပြန်ချိန်အထိ ဒဏ်ရာရရှိသူများ၏ ကျန်းမာရေးအခြေအနေနှင့် လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
Ref: Manila Bulletin
