◾ ရုရှားနှင့်တရုတ် ကုန်သွယ်မှုဆက်ဆံရေး နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ အထက်သို့ရောက်ရှိ
၂၀.၅.၂၀၂၆
Translated by Htwe Ko Tun
ရုရှားသမ္မတနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နှစ်ရက်ကြာခရီးစဉ်က ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံစလုံးအနေဖြင့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ညှိနှိုင်းမှုများကို ပြန်လည်ပုံဖော်ရန် ကြိုးပမ်းနေချိန်တွင် နှစ်နိုင်ငံ အစိုးရတို့၏ ပေါင်းစည်းထားသည့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုကို ညွှန်ပြနေခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။
ပေကျင်းမြို့၊ တီယန်မင်ရင်ပြင်တွင် မေလ ၂၀ ရက် နံနက်က ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့်ကြိုဆိုပွဲ အခမ်းအနား၌ ရင်ပြင်တစ်လျှောက်နေရာယူထားသော တရုတ်ပြည်သူများက နှစ်နိုင်ငံ အလံများဝှေ့ယမ်း၍ သမ္မတ ပူတင်နှင့် သမ္မတရှီတို့အားနှုတ်ဆက်ခဲ့ကြသလို တရုတ်အနုပညာရှင်များကလည်း ဆိုဗီယက်ခေတ် ဂန္တဝင်သီချင်းတစ်ပုဒ်ဖြစ်သော Moscow Nights သီချင်းကို သီဆိုသရုပ်ဖော်ခဲ့ကြသည်။
ရုရှားသမ္မတ ပူတင်က ပေကျင်းမြို့ရှိ သမိုင်းဝင် ပြည်သူ့ခန်းမကြီးတွင် မေလ ၂၀ ရက်၌ ရှီကျင့်ဖိန်နှင့် အဆင့်မြင့်ဆွေးနွေးပွဲများပြုလုပ်ခဲ့ရာ ကမ္ဘာပေါ်တွင် အင်အားပြောင်းလဲမှုများအလျင်အမြန် ဖြစ်ပေါ်နေချိန်တွင် ရုရှားနှင့် တရုတ်အကြား နက်ရှိုင်းသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ နောက်ထပ်အဓိကခြေလှမ်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။
ခေါင်းဆောင်နှစ်ဦးက ကုန်သွယ်ရေး၊ စွမ်းအင်၊ နည်းပညာ၊ အခြေခံအဆောက်အအုံနှင့် ပထဝီနိုင်ငံရေး ဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုများကို လွှမ်းခြုံထားသည့် ပူးတွဲကြေညာချက်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် ၄၀ ခန့်ကို လက်မှတ်ရေးထိုးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
ဆွေးနွေးပွဲတွင် ပါဝင်သော အရာရှိများက ဆွေးနွေးမှုများသည် အိမ်နီးချင်းအင်အားကြီးနှစ်နိုင်ငံအကြား ပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးချဲ့ရန် အဓိကထားခဲ့ကြောင်း ပြောခဲ့ကြသည်။ ရုရှားနှင့် တရုတ်အကြား အပြန်အလှန်ကုန်သွယ်မှုက ယခုအခါ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံ ကျော်လွန်လာပြီဖြစ်ပြီး ငွေပေးငွေယူ ၉၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်ဒေါ်လာအစား ၎င်းတို့နှစ်နိုင်ငံ၏ ကိုယ်ပိုင်ငွေကြေးများဖြင့် ပေးချေခဲ့ကြောင်း သတင်းများအရ သိရသည်။
သဘောတူညီချက်အသစ်များက စွမ်းအင်၊ ဉာဏ်ရည်တုနည်းပညာ၊ စက်မှုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကဏ္ဍများတွင် ထွက်ပေါ်လာရန် မျှော်လင့်ရသည်။
အစီအစဉ်တွင် ပါဝင်သည့် အဓိကကိစ္စရပ်များထဲတွင် တရုတ်နိုင်ငံအတွက် အဓိကစွမ်းအင်ထောက်ပံ့သူအဖြစ် ရုရှား၏အခန်းကဏ္ဍကို ပိုမိုအားကောင်းစေမည့် Power of Siberia 2 ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ရှည်လျားစွာဆွေးနွေးခဲ့ကြသည်။
နှစ်ဖက်စလုံးသည် အနောက်နိုင်ငံများ၏ဖိအားနှင့် ပိတ်ဆို့မှုများကို ခံနိုင်ရည်ရှိသော ရေရှည်မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အစိုးရနှစ်ရပ်စလုံးက အတည်ပြုကြရင်း တရုတ်-ရုရှား ကောင်းမွန်သော အိမ်နီးချင်းနှင့် ချစ်ကြည်ရင်းနှီးမှုစာချုပ်ကို တိုးချဲ့ရန်လည်း သဘောတူညီခဲ့ကြသည်။
ထိပ်သီးအစည်းအဝေးတွင် ရှီက အနောက်အာရှအတွက် ယခင်က အဆိုပြုထားသော အချက်လေးချက်ပါ ငြိမ်းချမ်းရေးမူဘောင်ကိုလည်း ရည်ညွှန်းခဲ့ပြီး ၎င်းသည် တင်းမာမှုများကို လျှော့ချရန်၊ နိုင်ငံတကာ သဘောတူညီချက်တည်ဆောက်ရန်နှင့် ရေရှည်ဒေသတွင်း တည်ငြိမ်မှုကို ပံ့ပိုးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
ပူတင်က ရုရှားနှင့် တရုတ်အကြား ဆက်ဆံရေးသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိနေကြောင်း ပြောခဲ့ပြီး မိတ်ဖက်ဆက်ဆံရေးသည် ပေါ်ပေါက်လာသော ကမ္ဘာလုံးဆိုင်ရာ ဆက်ဆံရေးခေတ်တွင် နိုင်ငံအချင်းချင်းဆက်ဆံရေးအတွက် စံပြတစ်ခုဖြစ်သည်ဟု ခေါ်ဆိုခဲ့သည်။
Ref-ILKHA



