သတိုး
၂၀. ၅. ၂၀၂၆
အနောက်အာရှဒေသ၌ အမေရိကန်-အီရန် စစ်ပွဲကြောင့် ကမ္ဘာ့အခြေအနေ တင်းမာမှုများ ဖြစ်ပွားနေစဉ်အတွင်း အိန္ဒိယနိုင်ငံသည် ယခုနှစ် စက်တင်ဘာလတွင် နယူးဒေလီမြို့၌ အဆင့်မြင့် BRICS ထိပ်သီးအစည်းအဝေးကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ပြင်ဆင်နေသည်။ အဆိုပါ BRICS ထိပ်သီးအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်မည်ဖြစ်ကြောင်း ရုရှားအစိုးရက အတည်ပြုခဲ့သလို တစ်ချိန်တည်းမှာပင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နယူးဒေလီမြို့သို့ လာရောက်လိမ့်မည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။
တောင်အာဖရိကနိုင်ငံရှိ ရုရှားသံရုံး၏ X (ယခင် တွစ်တာ) စာမျက်နှာတွင် “ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် စက်တင်ဘာ ၁၂-၁၃ ရက်တို့တွင် နယူးဒေလီ၌ ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် (Yury Ushakov) က ပြောကြားသည်” ဟု ဖော်ပြထားသည်။
The Indian Express သတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ BRICS ထိပ်သီးအစည်းအဝေး တက်ရောက်မည့် ခရီးစဉ်သည် လူအများစု “အမျှော်လင့်ဆုံး ခရီးစဉ်” ဖြစ်နေကြောင်း သိရသည်။
ရုရှားခေါင်းဆောင် ပူတင်သည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက (၂၃) ကြိမ်မြောက် အိန္ဒိယ-ရုရှား နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ဖူးပြီး ထိုစဉ်က ဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီနှင့်အတူ အဓိကကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် နှစ်ဦးတည်း သီးသန့်ဆွေးနွေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သည်။
အကယ်၍သာ ထွက်ပေါ်နေသော သတင်းများ မှန်ကန်ခဲ့ပါက ယခုခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ် ဂယ်လ်ဝမ် (Galwan) နယ်စပ်ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း သမ္မတ ရှီကျင့်ဖျင်၏ ပထမဆုံးအကြိမ် အိန္ဒိယခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။ တရုတ်သမ္မတသည် ၂၀၁၉ ခုနှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ပြီး တမီးလ်နာဒူးပြည်နယ်၊ မာမာလာပူရမ် (Mamallapuram) မြို့တွင် ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဖြစ်ပွားခဲ့သည့် တာဝမ် (Tawang) ဒေသ နယ်စပ်တင်းမာမှုနှင့် ဂယ်လ်ဝမ်ဖြစ်စဉ်တို့ကြောင့် အိန္ဒိယ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
အဆိုပါ စစ်ရေးအရ တင်းမာမှုနှစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်း ဝန်ကြီးချုပ် မိုဒီနှင့် သမ္မတ ရှီကျင့်ဖျင်တို့သည် ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံ ကာဇန် (Kazan) မြို့၌ ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေး၏ အလွတ်သဘောအစီအစဉ်တွင် သီးခြားတွေ့ဆုံခဲ့ကြသည်။
ကမ္ဘာ့အာဏာချိန်ခွင်လျှာ ပြောင်းလဲလာမှုများနှင့်အတူ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကြိုးပမ်းနေကြစဉ်၊ နယူးဒေလီတွင် ကျင်းပမည့် ယခု BRICS အစည်းအဝေး၌ ပထဝီနိုင်ငံရေး တင်းမာမှုများ၊ ကုန်သွယ်မှု မိတ်ဖက်ပြုရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးကြဖွယ် ရှိသည်။
ထင်ရှားသည်မှာ BRICS အဖွဲ့သည် ကမ္ဘာ့ဖွံ့ဖြိုးဆဲနှင့် ထွက်ပေါ်စပြုလာသော စျေးကွက်ကြီး ၁၁ ခုဖြစ်သည့် အိန္ဒိယ၊ ဘရာဇီး၊ တရုတ်၊ အီဂျစ်၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိကနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) တို့ကို စုစည်းထားခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း အရေးပါမှုရှိသော လက်ရှိပြဿနာရပ်များအပြင် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ရန် အသုံးဝင်သော စင်မြင့်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
အဆိုပါအဖွဲ့ကို ၂၀၀၆ ခုနှစ်တွင် နယူးယောက်မြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ၏ အလွတ်သဘောအစီအစဉ်အဖြစ် BRICS နိုင်ငံခြားရေးဝန်ကြီးများ၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု၌ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပထမဆုံးအကြိမ် BRIC ထိပ်သီးအစည်းအဝေးကို ၂၀၀၉ ခုနှစ်တွင် ရုရှားနိုင်ငံ၊ ယေကာထရင်ဘတ် (Yekaterinburg) မြို့၌ ကျင်းပခဲ့သည်။
Ref : Times Now Digital
