သက်တံ့
၂၀. ၅. ၂၀၂၆
ထိုင်းနိုင်ငံ ကန်ချနဘူရိပြည်နယ်အတွင်းရှိ လမ်းမတစ်ခုပေါ်တွင် ယမန်နေ့ (မေ ၁၉ ရက်) က ဆလွန်းကားတစ်စင်းသည် တောဆင်ရိုင်းများကို ဝင်တိုက်မိပြီးနောက် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာမှ ထိုင်းအမျိုးသားတစ်ဦး သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လတ်ယာရဲစခန်းမှ ရဲအရာရှိများက KhaoSod သတင်းဌာနသို့ ပြောကြားချက်အရ အဆိုပါ မတော်တဆမှုသည် ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် ကန်ချနဘူရိမြို့လယ်ဘက်သို့ ဦးတည်မောင်းနှင်သည့် အဝေးပြေးလမ်းမကြီးအမှတ် (၃၂၃) ပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ပွားရာနေရာသို့ ဆလတ်ဖရာ့ (Salak Phra) တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တောအုပ်ထိန်းသိမ်းရေးသမားများ၊ ကယ်ဆယ်ရေးလုပ်သားများနှင့် ဖဟွန်ဖွန်ဖာယူဟာသေနာ (Phaholpolpayuhasena) ဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြသည်။
အနီးနားတွင် လမ်းမီးတိုင်များ ရှိသော်လည်း အဆိုပါလမ်းပိုင်းမှာ အလင်းရောင် အလွန်အားနည်းကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ လမ်းဘေးတွင် တိုယိုတာ ကိုရိုလာဆလွန်းကားတစ်စင်း မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေးရေးအရာရှိများ မရောက်ရှိမီ မီးသတ်သမားများက မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် လူသုံးဦး လိုက်ပါလာခြင်း ဖြစ်သည်။ ယာဉ်မောင်းဖြစ်သူ အသက် ၆၄ နှစ်အရွယ် ချန် (Charn) နှင့် နောက်ခန်းမှ လိုက်ပါလာသည့် အသက် ၇၄ နှစ်အရွယ် ဆူဖာနတ် (Suppanat) တို့မှာ ကားတိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ အခြားခရီးသည်တစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် ချူကီယတ် (Chukiat) မှာမူ ရှေ့ခန်းယာဉ်မောင်းဘေးခုံတွင် သေဆုံးလျက်သား တွေ့ရှိခဲ့ရသည်။

စုံစမ်းစစ်ဆေးရေးအရာရှိများ၏ ပြောကြားချက်အရ ၎င်းတို့အဖွဲ့သည် မတော်တဆမှုမဖြစ်ပွားမီ ဆိုင်းယုတ် (Sai Yok) မြို့နယ်မှ အဝေးပြေးလမ်းမကြီးအမှတ် (၃၂၃) အတိုင်း မောင်းနှင်လာခဲ့ခြင်း ဖြစ်သည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့မောင်းနှင်လာသည့် ကားသည် လမ်းကို ဖြတ်ကူးနေသည့် တောဆင်ရိုင်းအုပ်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
တောအုပ်ထိန်းသိမ်းရေးသမားများကမူ အဆိုပါဆင်များသည် ကွေ့ယိုင် (Kwai Yai) မြစ်ကို ဖြတ်ကူးလာကြပြီးနောက် ဆလတ်ဖရာ့ ဘေးမဲ့တောပြင်ပရှိ လမ်းဘေးဝန်းကျင်တွင် အစာရှာဖွေရန် ဝင်ရောက်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။
တာဝန်ရှိသူများအနေဖြင့် ယခုမတော်တဆမှုတွင် ဆင်ကောင်ရေ မည်မျှပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် အခြေအနေနှင့် ဆင်များ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။
KhaoSod ၏ ဖော်ပြချက်အရ အဆိုပါလမ်းပိုင်းသည် ယခင်က ဆင်များထွက်လေ့ရှိကြောင်း တစ်ကြိမ်မျှ မှတ်တမ်းမတင်ဖူးသည့်လမ်းပိုင်းဖြစ်သဖြင့် ယခုဖြစ်စဉ်ဖြစ်ပွားမှုသည် တောဆင်ရိုင်းများနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့သည့် မတော်တဆမှုဖြစ်ကြောင်း သိရသည်။

Ref : Thaiger
