သက်တံ့
၅. ၂. ၂၀၂၆
ထိုင်းအက်ရှင်ရုပ်ရှင်မင်းသား တိုနီဂျားသည် သည်းခြေအိတ်ကင်ဆာ (Gallbladder Cancer) အတွက် ဆေးကုသမှု ခံယူနေရကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။
FM91 Traffic Police ရေဒီယိုကွန်ရက်၏ ဖော်ပြချက်အရ ကင်ဆာရောဂါကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မင်းသားနှင့် နီးစပ်သူတစ်ဦးက Nine Entertain သို့ ပြောကြားရာတွင် ရောဂါသည် အဆင့် (၃) မှ အဆင့် (၄) သို့ ကူးပြောင်းတော့မည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
သို့သော်လည်း Channel 3 ၏ ဖော်ပြချက်အရ တိုနီဂျား၏ အခြေအနေမှာ ကီမို (Chemotherapy) ဆေးသွင်းကုသမှုကြောင့် သက်သာလာသော်လည်း ဆရာဝန်များ၏ အနီးကပ်စောင့်ကြည့်မှုကို ခံယူနေရဆဲဖြစ်သည်။
မကြာသေးမီက လူမှုကွန်ရက်တွင် တင်ခဲ့သော ဓာတ်ပုံများတွင် တိုနီဂျားသည် သိသိသာသာ ပိန်သွားသည်ကို တွေ့ရသဖြင့် ပရိသတ်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။
တိုနီဂျား ကင်ဆာဝေဒနာခံစားနေရကြောင်း သတင်းထွက်ပေါ်လာသည်နှင့်အမျှ အားပေးချစ်ခင်သူများက ကင်ဆာဝေဒနာရောဂါဆိုးကို အောင်မြင်စွာ တွန်းလှန်နိုင်ပါစေကြောင်းလည်း ဆုမွန်ကောင်းတောင်းပေးနေကြသည်။
သို့သော် တိုနီဂျား၏ Facebook စာမျက်နှာတွင်မူ ရောဂါအကြောင်း ဖော်ပြထားခြင်း မရှိပေ။ ဇန်နဝါရီ ၃၁ ရက်နေ့က တင်ထားသော နောက်ဆုံးပို့စ်တွင် သူ၏ တေးသံသာဗီဒီယို (Music Video) အသစ်အတွက် ခရီးသွားနေကြောင်းသာ ရေးသားထားသည်။
”ခရီးစဉ်ကတော့ စတင်တော့မှာပါ။ One More Round” ဟု ၎င်းက ၎င်း၏ MV Teaser အသစ်ဖြစ်သည့် ‘One More Round’ ကို ရည်ညွှန်းပြီး ရေးသားခဲ့သည်။
တိုနီဂျားသည် အမည်ရင်း Tatchakorn Yeerum (ဒေသအခေါ် “Ja Phanom”) ဖြစ်ပြီး ဆူရင်ပြည်နယ်တွင် မွေးဖွားခဲ့ကာ ပြီးခဲ့သော ကြာသပတေးနေ့က သူ၏ အသက် (၅၀) ပြည့် မွေးနေ့ကို ဆင်နွှဲခဲ့သည်။
တိုနီဂျားသည် အသက် ၁၀ နှစ်သားအရွယ်ကပင် မွေထိုင်း (Muay Thai) လေ့ကျင့်ခဲ့ပြီး စတန့်မင်းသားအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ‘Ong Bak’ ရုပ်ရှင်ဖြင့် ကမ္ဘာကျော်ခဲ့ပြီး၊ ဟောလိဝုဒ်နှင့် ဟောင်ကောင်ရုပ်ရှင်များတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ‘Martial Arts History Museum Hall of Fame’ ၌ ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရသည်။
Ref: Bangkok Post
