သက်တံ့
၆. ၂. ၂၀၂၆
တရုတ်နိုင်ငံ၊ ရှန်ရှီးပြည်နယ်၊ ရှီးအန်းမြို့ရှိ အနောက်မြောက် နျူကလီးယားနည်းပညာတက္ကသိုလ်တွင် TPG1000Cs ဟုခေါ်သော သာမန်စက်ပစ္စည်း (သို့မဟုတ်) ရေစုပ်စက်ကြီးတစ်ခုကဲ့သို့ ရိုးရှင်းသောပုံစံရှိသည့် ကိရိယာတစ်ခု ရှိနေသည်။
သို့သော် ထိုစက်ပစ္စည်းသည် ကမ္ဘာပတ်လမ်းကြောင်းနိမ့်မှ Starlink ဂြိုဟ်တုများကိုပင် ဖျက်ဆီးနိုင်သောစွမ်းအားရှိနေသည့် မမြင်ရသည့် အဖျက်လှိုင်းများကို အကြီးမားဆုံး ထုတ်လွှင့်နိုင်သည့် လက်နက်ဆန်းတစ်ခုပင်ဖြစ်သည်။
◾ TPG1000Cs က ဘာလဲ
TPG1000Cs သည် စွမ်းအားမြင့် မိုက်ခရိုဝေ့ဖ် (High-Power Microwave – HPM) လက်နက်တစ်ခုအတွက် ကမ္ဘာ့ပထမဆုံး ကျစ်လျစ်သည့် စွမ်းအင်မောင်းနှင်စနစ်ဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းသော အဖျက်လှိုင်းစွမ်းအင်ပမာဏ ၂၀ ဂစ်ဂါဝပ် (20 GW) ကို တစ်မိနစ်တိတိ အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသည်။
ယခင်က သိရှိ တွေ့ရှိခဲ့ဖူးသော အလားတူလက်နက်များသည် ၃ စက္ကန့်ထက်ပို၍ အဆက်မပြတ် အလုပ်မလုပ်နိုင်ကြသည့်အပြင် ယခုစက်ထက် များစွာပိုမို ထုထည်ကြီးမားခဲ့ကြသည်။ ယခု လက်နက်ကမူ စက္ကန့် ၆၀ ကြာ (တစ်မိနစ်) အောင် ပစ်ခတ်နိုင်သည့်အပြင် အရွယ်အစားကလည်း အလျား ၄ မီတာခန့်သာရှိပြီး အလေးချိန် ၅ တန်ခန့်သာရှိသောကြောင့် ဤလက်နက်ကို ကား၊ စစ်သင်္ဘောနှင့် လေယာဉ်များပေါ်တွင်ပါ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်သည့်အားသာချက်လည်းရှိနေသည်။
◾ မိုက်ခရိုဝေ့ဖ် လက်နက်က ဘယ်လိုအစွမ်းထက်သလဲ
မိုက်ခရိုဝေ့ဖ်လက်နက်သည် ခဲယမ်းမီးကျောက်များသုံးပြီး ပေါက်ကွဲစေသည့် လက်နက်မျိုးမဟုတ်ဘဲ လျှပ်စစ်သံလိုက်လှိုင်းစွမ်းအင်ကို အသုံးပြုသည့် “မမြင်ရသော လက်နက်” ဖြစ်သည်။ အဆိုပါ လက်နက်အဖျက်လှိုင်းသည် ဂြိုဟ်တု၊ ဒရုန်း၊ ရေဒါစနစ်များနှင့် ကွန်ပျူတာချစ်ပ်ပြားများကို အလင်း၏အလျင်နှုန်းဖြင့် ထိမှန်ဖျက်ဆီးနိုင်သဖြင့် အလွန်အန္တရာယ်ကြီးမားသည်။
တရုတ်ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ စွမ်းအင် ၁ ဂစ်ဂါဝပ်ကျော်ရုံဖြင့်ပင် ကမ္ဘာ့ပတ်လမ်းကြောင်းနိမ့်ရှိ Starlink ဂြိုဟ်တုများကို ပြင်းထန်စွာ အနှောင့်အယှက်ပေးနိုင်ရာ ယခု ၂၀ ဂစ်ဂါဝပ်အားရှိ လက်နက်သည် အာကာသစစ်ပွဲဗျူဟာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။
Ref: SCMP
