၆. ၂. ၂၀၂၆
Written by Nyein Kyaw
မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ယမန်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲ အခမ်းအနားတွင် ပြောကြားသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ တည်ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုသည် စိန်ရတုအခါသမယ ပြည့်မြောက်ခဲ့ပြီး ယခုချိန်ထိ ဆက်လက်ရှင်သန် ခိုင်မြဲတိုးတက်နေဆဲဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
မိမိတို့ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ အပြန်အလှန် လေးစားမှုနှင့် နားလည်မှုကိုအခြေခံ၍ ကဏ္ဍစုံတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။


၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ တွေ့ဆုံရာတွင်လည်း ရှိရင်းစွဲ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် အချိန်တွင်လည်း အိမ်နီးချင်းကောင်းပီသစွာဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကူအညီပေးအပ်မှုများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဒေသတွင်းသာမက နိုင်ငံတကာ အသိုက်အဝန်းတွင်ပါ စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း တန်ဖိုးထားကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
၂၀၂၆ ခုနှစ်သည် တရုတ်ပြက္ခဒိန်အရ မြင်းနှစ်ဖြစ်သည့်အတွက် စိန်ခေါ်မှုများကို ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်နိုင်မည်ဟု မှတ်သားမိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများအားလုံး မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်ဖြတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ma Jia က တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နှစ်သစ်ကူး အထိမ်းအမှတ် ဖျော်ဖြေပွဲ အခမ်းအနားကျင်းပခြင်း ရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံပြည်သူများအတွက် ဆုမွန်ကောင်း စကားများပြောကြားခဲ့သည်။
