၆. ၂. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များအတွက် အထူးရထားများ တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
မြန်မာ့မီးရထားသည် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာ သွားလာနိုင်ရန်အတွက် ရန်ကုန်- နေပြည်တော်လမ်းပိုင်း၌ ခေတ်မီလေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ ရန်ကုန်-ပြည်နှင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတို့တွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် လည်းကောင်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။

ထို့သို့ ပြေးဆွဲပေးလျက်ရှိရာ ခရီးသည်များကြိုက်နှစ်သက်ကြပြီး စီးနင်းမှုများပြားသဖြင့် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်-ပြည်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများကို တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အဆိုပါ အထူးရထားခရီးစဉ်များအား ဖေဖော်ဝါရီ ၁၂ ရက်တွင် DEMU (စပိန်အထူးရထား)ဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ်အား နံနက် ၆ နာရီခွဲနှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ်အား နေ့လယ် ၁၂ နာရီခွဲတွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန်-မော်လမြိုင်ခရီးစဉ်အား နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ ရန်ကုန်-ပြည်ခရီးစဉ်အား နေ့လယ် ၁ နာရီတွင်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် DEMU (စပိန်အထူးရထား)ဖြင့် ရန်ကုန်-နေပြည်တော်ခရီစဉ်အား နံနက် ၆ နာရီခွဲနှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ်အား နေ့လယ် ၁၂ နာရီခွဲ ထွက်ခွာမည်ဖြစ်သည်။ မော်လမြိုင်-ရန်ကုန်ခရီးစဉ်အား နံနက် ၉ နာရီတွင်လည်းကောင်း၊ ပြည်-ရန်ကုန်ခရီးစဉ်အား ည ၁၀ နာရီခွဲတွင်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်သည်။

ထပ်မံတိုးချဲ့ပြေးဆွဲပေးမည့် အထူးရထားများ၏ လက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့်ဘူတာများမှာ နေ့စဉ်ပုံမှန် ပြေးဆွဲပေးလျက်ရှိသည့် ရထားများအတိုင်းဖြစ်ကြောင်းနှင့် ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အထက်တန်းလက်မှတ်ကို ၃ ရက် ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်ကို ၁ ရက် ကြိုတင်၍လည်းကောင်း သက်ဆိုင်ရာဘူတာများတွင် ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် လမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် ပုံမှန်ရထားများနှင့် အထူးရထားများအတွက် Online မှ လက်မှတ်ရောင်းချခြင်းနှင့် ငွေပေးချေခြင်း (Online Railway Ticketing and Payment System – ORTP) စနစ်ဖြင့် ကြိုတင်ဝယ်ယူနိုင်ပြီး ခရီးစဉ်အစအဆုံး ဘူတာများအတွက် ၇ ရက်နှင့် ကြားဘူတာများအတွက် ၃ ရက် ကြိုတင်၍ ဝယ်ယူနိုင်မည်ဖြစ်သည်။
