နေမိုး
၆. ၂. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း KIA နှင့် KPDF တို့က ဖားကန့်မြို့ကိုပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးကာ ပြည်သူအများအပြားဒဏ်ရာရမှုဖြစ်ပွားခဲ့သည်။
KIA နှင့် KPDF တို့ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆွတ်ဂျတ်ကျေးရွာသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် KPDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် မောင်အောင်တည်ကြည်ဖြူ (၆) နှစ်နှင့် မောင်စောကြည်ဖြူ (၁၃) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်။
ထို့အပြင် ဦးကျော်ကျော်သန်း (၄၁) နှစ်၊ ဒေါ်ဖြူဖြူဝင်း (၃၀) နှစ်၊ မောင်အောင်ဘုန်းမြတ်ဖြူ (၃) နှစ်၊ ဒေါ်သဲသဲဦး (၃၀) နှစ်၊ ကိုအစိုင်း (၂၃) နှစ်၊ ဒေါ်ချိုချိုဝင်း (၃၀) နှစ်၊ မအလင်္ကာ (၅) နှစ်၊ ဦးမျိုးမင်းကို (၃၆) နှစ်၊ မဂျူလိုင်အောင် (ခ) လှလှ (၅) နှစ်၊ မသဲမွန်ဦး(၂၄) နှစ်၊ မပန်းမြတ်မွန် (၃) နှစ်နှင့် ဦးကျော်မျိုးဦး (၃၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ် ရာများရရှိခဲ့၍ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း KIA နှင့် KPDF တို့က တပ်မတော်ဗျူဟာကုန်းနှင့် ရဲစခန်းအကြားရှိ ဖားကန့်အထက်တန်းကျောင်းကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စာသင်ဆောင်ပျက်စီးခဲ့ရသလို Grade -4 တွင် ပညာသင်ကြားနေသော မောင်လင်းခန့်ကိုနှင့် မရွန်ဒင့်တို့ လက်နက်ကြီးထိမှန်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။









