၆.၂.၂၀၂၆
Translated by Htwe Ko Tun
အာဖရိကတိုက် အနောက်ပိုင်း၊ ဇမ်ဘီယာနိုင်ငံအလယ်ပိုင်းရှိ ကဘွဲ (Kabwe)မြို့ဟာ အခုအခါ ကမ္ဘာပေါ် မှာ ခဲအဆိပ်အတောက်အရှိဆုံးနေရာတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရသလို ကဘွဲမြို့မှာ ဆယ်စုနှစ်တွေ တော်တော်များများကြာပြီဖြစ်တဲ့ ခဲညစ်ညမ်းမှုက ကလေးတွေကို အဆိပ်သင့်စေလျက်ရှိတယ်လို့ သိရပါတယ်။
ဇမ်ဘီယာနိုင်ငံက ဗြိတိသျှကိုလိုနီလက်အောက်ကနေ ၁၉၆၄ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တာပါ။ ကိုလိုနီခေတ်ကစလို့ ၁၉၂၅ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါးဖွင့်လှစ်ခဲ့တဲ့ အင်္ဂလိပ်-အမေရိကန်သတ္တုမိုင်းတစ်ခုပိတ်သိမ်းပြီးနောက် ဆယ်စုနှစ်များစွာကြာအောင် အဆိပ်သင့် ဖုန်မှုန့်တွေဟာ အိမ်တွေ၊ ကျောင်းတွေနဲ့ ကစားကွင်းတွေကို ဆက်လက်ညစ်ညမ်းစေနေခဲ့ပါတယ်။
ခဲညစ်ညမ်းမှုနဲ့ ထိတွေ့တာက ကျန်းမာရေးအတွက် သိသာထင်ရှားတဲ့ အန္တရာယ်ဖြစ်ပြီး သွေးထဲမှာ ခဲပါဝင်မှုရှိနေရင် လူ့ကျန်းမာရေးအတွက် ဘယ်နည်းနဲ့မှ လုံခြုံစိတ်ချရမှုမရှိနိုင်ပါဘူး။ ခဲပမာဏ အနည်းငယ်သာပါဝင်မှုကတောင် သိမြင်မှုစွမ်းရည်ချို့ယွင်းမှုနဲ့ အပြုအမူဆိုင်ရာပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။
ကဘွဲမြို့က ခြောက်နှစ်အရွယ်ရှိတဲ့ အယ်လီဇဘတ်ဆိုရင် သူမရဲ့သွေးထဲမှာ ခဲပမာဏမြင့်မားနေပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိကာ အားနည်းပြီး စာသင်ယူနိုင်စွမ်းမရှိဖြစ်နေတယ်လို့ သိရပါတယ်။
အဆိပ်သင့်ဖုန်မှုန့်တွေ၊ အသေးစားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းမှုအတွက်ဆောင်ရွက်မှုမရှိတာက အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။ ဒေသခံတွေက အင်္ဂလိပ်-အမေရိကန်သတ္တုတူးဖော်ရေးကုမ္ပဏီကို ကိုယ်စားတရားစွဲဆိုကာ လျော်ကြေးရရှိဖို့နဲ့ ပတ်ဝန်းကျင်ပြန်လည်ပြုပြင်မှုတွေကို ရှာဖွေနေပါတယ်။
မိသားစုတွေကတော့ သူတို့ဌာနေမြို့ကို သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတဲ့နေရာအဖြစ်မှ လွတ်မြောက်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
Ref-DW News



