





၅. ၂. ၂၀၂၆
Written by Nyein Kyaw
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများ ပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသန ညီလာခံနှင့်သိပ္ပံပွဲတော် (၂၀၂၆) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
သုတေသနဆိုသည်မှာ အကြောင်းအရာတစ်ရပ်ကို ခြေခြေမြစ်မြစ်သိရှိနိုင်ရန် ပညာအမြော်အမြင်နှင့် လေ့လာရှာဖွေဖော်ထုတ်ခြင်းပင်ဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံတိုင်း၊ လုပ်ငန်းတိုင်းသည် သုတေသနပြုမှုများကို အထူးဦးစားပေးအဖြစ် ရင်းနှီးမြှုပ်နှံဆောင်ရွက်ကြသည်ကိုတွေ့ရကြောင်း ယာယီသမ္မတက ပြောကြားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားအကျိုးစီးပွားဖော်ဆောင်နိုင်ရေးတို့အတွက် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် သုတေသနလုပ်ငန်းများပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှုတိုင်းတွင် ပြန်လည်သုံးသပ်မှု၊ သုတေသနပြုလုပ်မှုနှင့် ဆန်းသစ်တီထွင်မှုများရှိမှသာ တိုးတက်အောင်မြင်မည်ဖြစ်ကြောင်း၊ သုတေသီများ၏ ပညာရပ်ဆိုင်ရာဖန်တီးမှု စွမ်းရည်များသည် နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည့် စစ်မှန်သော အင်အားတစ်ရပ်ပင်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပညာဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အခြေခံအုတ်မြစ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာရေးသည်အရေးကြီးကြောင်း၊ နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည့်နည်းပညာအသစ်များ၊ တီထွင်ဆန်းသစ်မှု အသစ်များကို ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံသည် သမိုင်းအစဉ်အလာကြီးမားပြီး ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝသော နိုင်ငံဖြစ်သည့်အတွက် မြန်မာမှု၊ မြန်မာ့ဟန်များ မပျောက်ပျက်အောင် တန်ဖိုးထားထိန်းသိမ်းပြီး မြန်မာ့ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သကဲ့သို့ ၂၁ ရာစု၏ ခေတ်မီနည်းပညာ တိုးတက်ပြောင်းလဲမှုများကို မျက်ခြည်မပြတ် အမီလိုက်ပြီး ခေတ်မီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ကြရန်လည်း အရေးကြီးကြောင်း ယာယီသမ္မတက ပြောကြားသည်။
ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ဝိဇ္ဇာနှင့်သိပ္ပံပညာရပ် နယ်ပယ်အားလုံး ဟန်ချက်ညီညီ အားကောင်းလာရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ဝိဇ္ဇာနှင့်သိပ္ပံ အသိပညာရှင် အတတ်ပညာရှင်များအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့အကျိုးစီးပွားကို အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။.
