
MT News
၂၄. ၈. ၂၀၂၅
နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားလမ်းတံတားအား TNLA မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ပြင်းထန်စွာလက်တုံ့ပြန်မည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့သလို ယခုလည်း ပြင်းပြင်းထန်ထန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လာသည်။

“ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာတော့ နောင်ချိုနဲ့ ကျောက်မဲကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားပေါ့။ ဂုတ်ထိပ်တံတားရဲ့ မြောက်ဘက်ခြမ်းပေါ့။ မြောက်ဘက်ခြမ်းမှာတော့ TNLA အကြမ်းဖက်သောင်းကျန်းသူတွေက မိုင်းခွဲဖျက်ဆီးခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ အဲဒီဘက်ခြမ်းမှာရှိတဲ့ တံတားပေါ့။ သံမဏိတံတားပေါ့။ တံတားဘောင်နဲ့ အုတ်နံရံနဲ့ ဆက်တဲ့နေရာပေါ့။ လက်တွေ့ပုံတွေအရတော့ ပျက်စီးသွားတာ တွေ့ရတယ်။ အုတ်တံတားဘောင်လည်း ပျက်စီးသွားတာ တွေ့ရတယ်။ ဂုတ်ထိပ်တံတားဆိုတာက ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့တံတားဖြစ်တယ်။ ပြီးတော့ သမိုင်းဝင်တံတားတစ်စင်းဖြစ်ပါတယ်။ ဂုတ်ထိပ်တံတားနဲ့ပတ်သက်ပြီးတော့ ယခင်အင်္ဂလိပ်လက်ထက်ကတည်းက သုံးစွဲလာတဲ့တံတားလည်း ဖြစ်တယ်။ တစ်နိုင်ငံလုံးက ဂုဏ်ယူရတဲ့တံတားလည်းဖြစ်တယ်။ အများပြည်သူသုံးစွဲနေတဲ့ တံတားလည်းဖြစ်ပါတယ်။ ဒါကို ဆောင်ရွက်ခြင်းအားဖြင့် TNLA နဲ့ PDF အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ ရက်စက်မှု၊ ယုတ်မာမှုပေါ့။ ပြည်သူလူထုတစ်ခုလုံးအပေါ်မှာ ယုတ်မာမှုကို လက်တွေ့ပြသလိုက်တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့အနေနဲ့ ပြင်းထန်တဲ့ လက်တုံ့ပြန်မှုတွေ ဆက်လက် ဆောင်ရွက်သွားပါမယ်။ ပြင်တဲ့အပိုင်းကတော့ ကျွန်တော်တို့သုံးသပ်ချက်အရတော့ တော်တော်နဲ့တော့ လုပ်နိုင်မယ်မထင်သေးဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုမြို့ နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် မန္တလေး – လားရှိုး ရထားလမ်းပေါ်တွင် တည်ရှိသည်။ ဂုတ်ထိပ်တံတားကို ၁၈၉၉ ခုနှစ်၌ တည်ဆောက်ပြီး ၁၉၀၀ ခုနှစ်တွင် ပြီးစီးခဲ့ကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားသည် တံတား အရှည် (၂၂၆၀) ပေ၊ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိပြီး သက်တမ်း အနေဖြင့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိသည့် မီးရထားလမ်း တံတားတစ်ခုဖြစ်သည်။ မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ခံရပြီး ယင်းတံတားကို တည်ဆောက် သည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက် ဆက် ထင်ရှားကျော်ကြားခဲ့သော တံတားတစ်စင်းဖြစ်သဖြင့် ပြည်တွင်း/ ပြည်ပ ခရီးသွားများလည်း အများအပြားလာရောက် ကြည့်ရှုလေ့လာသည့်တံတားတစ်စင်း လည်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသား တစ်ခုဖြစ်သည့် ဂုတ်ထိပ် တံတားအား ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများက လက် ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်စာရင်းများတွင်လည်း ပါဝင်ခဲ့ သည်။
လက်ရှိအချိန်တွင် TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများအနေ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နှင့်အနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတား အား ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ ဘက်အခြမ်း တံတား၏ ကမ်းကပ်ခုံ(AB 2)နှင့် တံတားတိုင်အမှတ်(P 16) နှင့် ကမ်းကပ်ခုံ (AB 2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိတံတားသံပေါင်နေရာတို့ ပျက်စီးခဲ့ရသည်။

ယင်းကဲ့သို့ TNLA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် နိုင်ငံ၏အထင်ကရနှင့် သမိုင်းဝင်နေရာအား အသိဉာဏ်နည်းပါးယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်လုပ်ရပ်အား ပြည်သူ လူထုတစ်ရပ်လုံးက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုံ့ချလျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူများအမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်း ထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ဂုတ်ထိပ်တံတားကို နောင်ချိုမှ စစ်ရှုံးကာထွက်ပြေးရသည့် TNLA အနေဖြင့် တပ်မတော်စစ်ကြောင်းများ ကျောက်မဲဘက်မလာနိုင်ရန် ချိုးပစ်သည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ထိုတံတားချိုးမှုမှာ တပ်မတော်၏ ဒရုန်းဖြစ်သည်ဟု လွှဲချထားသည်။ သို့သော် ဂုတ်ထိပ်တံတား ကျိုးပြတ်ပုံမှာ ဒရုန်းဗုံးကျရုံဖြင့် ပျက်စီးနိုင်သည့်အခြေအနေမဟုတ်ဘဲ တံတားဘေးဘောင်လက်ရန်းများ ယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ အများအပြားဖြင့် ဖောက်ခွဲမှသာဖြစ်နိုင်မည့်အနေအထားဖြစ်သည့်အတွက် TNLA ၏ ဂုတ်ထိပ်တံတားဖျက်ဆီးမှုနှင့် လိမ်လည်မှုကို ဝိုင်းဝန်းရှုတ်ချနေကြသည်။
“အဲဒီဘက်အခြမ်းကတော့ ဒါ TNLA အနေနဲ့ရော PDF အနေနဲ့ရော အမြဲတမ်း ဝင်ထွက်သွားလာ ဆောင်ရွက်နေတဲ့နေရာဖြစ်တယ်။ အခု ဒီတံတားကြီးကို လုပ်ဖို့ဆိုတာကလည်း သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီဘက်မှာ ဒီလောက်ပျက်စီးအောင်လုပ်နိုင်ဖို့ဆိုတာ ရည်ရွယ်ချက်ရှိရှိနဲ့ ယမ်း ဖောက်ခွဲရေးပစ္စည်းတော်တော်များများနဲ့ လုပ်ရတာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက် ပြောကြားသည်။
