
၂၃.၈.၂၀၂၅.
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံသား ၁၅ ဦးနဲ့ ထိုင်းနိုင်ငံသား ၁၂ ဦး တို့ကို ထိုင်းနိုင်ငံ ဆာကယ်ဝ်ပြည်နယ်ရဲ့ အရာညာ ဖရာထက်ခရိုင်အတွင်း နယ်စပ်ဒေသတွေမှာ နှစ်ရက်တာကာလအတွင်း နယ်စပ်ကိုတရားမဝင်ဖြတ်ကျော်မှုတွေနဲ့ သီးခြားစီ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ဩဂုတ်လ ၂၂ ရက်မှာ ပြောခဲ့ကြပါတယ်။
ထိုင်းအာဏာပိုင်တွေက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လုံခြုံမှုရှိရေးအတွက် အဆင့်မြှင့် ဆောင်ရွက်နေတယ်လို့လည်း ဆိုကြပါတယ်။
ပထမအမှုမှာ ဘူရာဖာလုပ်ငန်းတပ်ဖွဲ့၊ ရိန်းဂျားတပ်ခွဲ ၁၂၀၄ နဲ့ အမှတ် ၃၀ ခြေမြန်တပ်ရင်းတို့က အမျိုးသားခြောက်ဦး၊ အမျိုးသမီးခြောက်ဦး၊ ယောကျ်ားလေးနှစ်ဦးနဲ့ မိန်းကလေးတစ်ဦးတို့ပါဝင်တဲ့ လူ ၁၅ ဦးပါအုပ်စုကို အရာညာ ဖရာထက်ခရိုင်အတွင်း ဖန်ဆပ်ခ်ကျေးရွာအနီး ကြံစိုက်ခင်းအနီး နယ်စပ်မှ မီတာ ၂၅၀ လောက်အကွာမှာ သဘာဝလမ်းကြားလေးအတိုင်းလမ်းလျှောက်သွားနေကြတုန်း ဩဂုတ်လ ၂၁ ရက် ညနေ ၅ နာရီလောက်က ဖမ်းမိခဲ့တာပါ။
စစ်ဆေးမေးမြန်းချက်တွေအရ သူတို့အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်အကိုင်မဲ့၊ ဝင်ငွေမရှိဖြစ်နေခဲ့ကြတာ ဝန်ခံခဲ့ကြပြီး အစားအသောက်တွေလည်း စတင်ပြတ်လပ်လာတာကြောင့် ခုလို နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင်ရဖို့မျှော်လင့်ချက်နဲ့ ဝင်ရောက်လာခဲ့ကြတာလို့ ပြောခဲ့ကြပါတယ်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံသားတွေအားလုံးကိုတော့ ဥပဒေကြောင်းအရအရေးယူဆောင်ရွက်ဖို့ ခလုံ နမ်ဆိုင်ရဲစခန်းကို လွှဲပေးခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအမှုမှာတော့ ဘူရာဖာတပ်ဖွဲ့နဲ့ အပျော်တန်းရိန်းဂျားတပ်ဖွဲ့တွေက အမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးခြောက်ဦးပါဝင်တဲ့ ထိုင်းနိုင်ငံသား ၁၂ ဦးကို အရာညာ ဖရာထက်ခရိုင်အတွင်းမှာ ကမ္ဘောဒီးယားနိုင်ငံဘက်ကိုဦးတည်ပြီး ကြံစိုက်ခင်းတစ်ခုအတွင်းကနေ ဖြတ်သန်းသွားနေခိုက် သြဂုတ်လ ၂၂ ရက် နံနက် ၃ နာရီလောက်က ဖမ်းမိခဲ့တာပါ။
စစ်ဆေးချက်တွေအရ သူတို့ကို အရာညာ ဖရာထက်ခရိုင်အတွင်း ရွန်ကလူး နယ်စပ်ဈေးကွက်အနီးမှာ အလုပ်တွေရမယ်လို့ Facebook လူမှုကွန်ရက်ကနေကမ်းလှမ်းပြီး လူသစ်စုဆောင်းတာကြောင့် ရောက်လာခဲ့ကြတာလို့ သိရပါတယ်။သူတို့မှာ မှန်ကန်တဲ့မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတွေလည်း ပါတယ်လို့ဆိုပါတယ်။ သူတို့ကို သယ်ယူပို့ဆောင်စရိတ် အခမဲ့နဲ့ ပစ်ကပ်ကားတစ်စီးပေါ်တင်ကာ နယ်စပ်ကို ခေါ်ဆောင်လာခဲ့တာလို့ သူတို့က ပြောခဲ့ပါတယ်။
အရာညာ ဖရာထက်ခရိုင်အတွင်း အရောက်မှာတော့ ယာဉ်မောင်းက သူတို့ကို ကြံစိုက်ခင်းကိုဖြတ်ပြီး လမ်းလျှောက်သွားဖို့နဲ့ ကမ္ဘောဒီးယားလူမျိုး လမ်းညွှန်တစ်ဦးက စောင့်နေလိမ့်မယ်လို့ ပြောခဲ့တာလို့လည်း သိရပါတယ်။ သူတို့အနေနဲ့ အွန်လိုင်းမှာပြောခဲ့တာမျိုးမဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံအတွင်း အလုပ်လုပ်ဖို့ ခေါ်ဆောင်ခံသွားရမယ်လို့ မထင်ခဲ့ကြဘူးလို့ ဖမ်းဆီးမိတဲ့ ထိုင်းနိုင်ငံသားတွေက ပြောခဲ့ကြပါတယ်။ သူတို့ကိုတော့ ရိန်းဂျားတပ်ခွဲ ၁၂၀၆ ကို ဆက်လက်စစ်ဆေးဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
Ref -Bangkok Post
