
၂၂.၈.၂၀၂၅
Written by Hey Mar
စိတ်လွတ်နေတဲ့ အမျိုးသားကြီးတစ်ဦးကို ကားကြိတ်ပြီးပြေးသွားတဲ့ ဖြစ်စဉ် ဒီနေ့ ဩဂုတ်လ ၂၂ ရက် မနက်အစောပိုင်းက ရန်ကုန် – မြောင်းမြ ကားလမ်းပေါ် ရှိ ဇလပ်ကွင်းကျေးရွာအကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ မြောင်းမြမြို့ အခြေစိုက်၊ အေးမြဖြူစင် (ဇီဝိတဒါန) သွေးအလှူရှင်အသင်းထံကနေ သိရပါတယ်။
ယာဉ်တိုက်ခံရသူက အသက် (၆၀) ဝန်းကျင်အရွယ်ဖြစ်ပြီး မြောင်းမြမြို့နဲ့ ကန်ကြီးထောင့်မြို့ အစပ်ရှိ ကွမ်းသီးပင်ဆိပ်ရွာကလို့ သိရှိရပါတယ်။
အဆိုပါ အမျိုးသားကြီးက စိတ်လွတ်ကာ လမ်းပေါ်က ကားတွေကို မကြာခဏ တက်ပြီး တားလေ့ရှိတယ်လို့လည်း သိရပါတယ်။

အေးမြဖြူစင် (ဇီဝိတဒါန) သွေးအလှူရှင်အသင်း တာဝန်ရှိသူက”ဘယ်ကားတိုက်သွားမှန်းတော့ မသိလိုက်ကြပါဘူး။ သေဆုံးသူက ခေါင်းကြိတ်ခံရတာ ပြားတောင်နေတယ်။ မနက် အစောပိုင်းက တိုက်သွားပုံလည်းရတယ်။ ကျွန်တော့်ဆီ ဖုန်းဝင်လာတော့ မနက် ငါးနာရီခွဲပါ” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို အေးမြဖြူစင် သွေလှူရှင်အသင်းက မြောင်းမြဆေးရုံ ရင်ခွဲရုံဆီ သယ်ယူ ပို့ဆောင်ပေးခဲ့ပြီး ရဲလုပ်ငန်းစဉ်တွေအပြီးမှာတော့ သေဆုံးသူရဲ့ နေရပ်ဖြစ်တဲ့ ကွမ်းသီးပင်ဆိပ်ကျေးရွာဆီ ကိုးကွယ်ရာ ဘာသာရေးအရ သင်္ဂြိုဟ်နိုင်ဖို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
