
MT News
၂၂. ၈. ၂၀၂၅
အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ၊ Prothrapur ရှိ Open Distress Camp တွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်ပြီးသူ မြန်မာရေလုပ်သား (၄၁)ဦး အား အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ မြန်မာရေလုပ်သား(၄၁)ဦးအား မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီ ၃၅ မိနစ်တွင် အိန္ဒိယနိုင်ငံ၊ Andaman နှင့် Nicobar ရှိ ပို့ဘလဲမြို့၊ Veer Savarkar အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Netaji Subash Chandra Bose လေဆိပ်သို့ ထွက်ခွာခဲ့ပြီးသည့်နောက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် အိန္ဒိယနိုင်ငံ၊ ကော်လ်ကတ္တားမြို့ရှိ Netaji Subash Chandra Bose လေဆိပ်မှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) ဖြင့် ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ထိုသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာသံရုံးသည် အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန(Ministry of External Affairs – MEA)၊ Andaman & Nicobar Islands ရှိ နိုင်ငံခြားသားများ ဒေသဆိုင်ရာမှတ်ပုံတင်ရေးရုံး (Foreign Regional Regulation Office-FRRO) တို့နှင့်လည်းကောင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့နှင့်လည်းကောင်း အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြန်မာရေလုပ်သားများအား နေရပ်သို့ ပြန်လည်ပို့ ဆောင်နိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုမိန့်များတောင်းခံခြင်း၊ ရေလုပ်သား(၄၁)ဦး ခရီးသွားလာရာတွင် လိုအပ်သည့် တစ်ကြိမ်တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ်များ (C of I) ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
