
၂၂. ၈. ၂၀၂၅
Written by Thettant
ထိုင်းနိုင်ငံမှာ ဒီနေ့ညကျင်းပနေတဲ့ One Friday Fights 121 ပြိုင်ပွဲရဲ့ ဒုခေါင်ပွဲမှာ မြန်မာဖိုက်တာ သွေးလင်းထက်နဲ့ Chokpreecha PK Saenchai တို့ ထိုးသတ်ရာမှာ သွေးလင်းထက်က ထိုင်းသမ္ဘာရင့်ဖိုက်တာ ချော့ပရီးချကို ဒုတိယအချီမှာ အလဲထိုးပြီး ဘောနပ်စ်ဘတ် ၃၅၀၀၀၀ ရယူခဲ့တဲ့အပြင် မြန်မာဖိုက်တာတွေရဲ့ ငါးပွဲဆက်အရှုံးကိုပါ သိက္ခာပြန်ဆယ်ပေးခဲ့

ချော့ပရီးချဟာ ပွဲအစမှာ သူ့ထက်အရပ်ပိုမြင့်တဲ့ သွေးလင်းထက်ကို အောက်ခြေဖြိုဖို့ ကြိုးပမ်းနေပြီး အနိမ့်ကန်ချက်တွေ ဆက်တိုက်ကန်နေခဲ့တာပါ။ လေးငါးချက်ကန်ပြီးချိန် သွေးလင်းထက်က ထောက်ခြေတွေနဲ့ ဗိုက်တွေ တားတားပြီး ကန်ရာမှာ ချော့ပရီးချ ပုံစံပြောင်းသွားခဲ့ပေမဲ့ သွေးလင်းထက် တင်းပုတ်လို ညာဖြောင့် လက်သီးတစ်ချက် မိသွားချိန် ဖင်ထိုင်ကျပြီး အမှတ်စဥ် ရေခံလိုက်ရပါတယ်။

ချော့ပရီးချ ထင်သလောက်မဟုတ်မှန်းရိပ်မိသွားတဲ့ သွေးလင်းထက်က ပွဲဖြတ်ဖို့ ဘီလူးဆိုင်းတီးပြီး ပူးထိုးရာမှာ ချော့ပရီးချ ဒုတိယအကြိမ် အမှတ်စဥ်ရေခံခဲ့ရပေမဲ့ ပွဲပြီးသွားခဲ့ပါတယ်။

ဒုတိယအချီမှာ ပွဲစတာနဲ့ အပြီးဖြတ်ဖို့ သွေးလင်းထက်ကြိုးစားလာပြီး ဘယ်ညာတွဲလုံးတွေ၊ တံတောင်တွေ၊ ခြေကန်ချက်တွေ၊ လက်ပြန်တွေနဲ့ တရစပ်ထိုးနှက်လို့ ချော့ပရီးချ ကွဲပြဲသွားတာတောင်မှ သွေးလင်းထက်ကို ကောင်တာပြန်ထိုးနိုင်နေပေမဲ့ ပွဲပြီးဖို့ တစ်မိနစ်လောက်အလိုမှာ သွေးလင်းထက် ခြေထောက်လှမ်းဆွဲတဲ့ ချော့ပရီးချာကို သွေးလင်းထက်က ဆွဲအားထဲမျှောပြီး တံတောင်နဲ့ ရိုက်ချရာမှာတော့ ချော့ပရီးချ အလဲထိုးအရှုံးပေးလိုက်ရပါတော့တယ်။

သွေးလင်းထက်က ပွဲအပြီးမှာ သူ့ထိုးသတ်ပုံကို ထိုင်းတွေလေ့လာပြီး အနိုင်ယူနိုင်မယ့်ပုံစံ ပြင်ဆင်လာပေမဲ့ သူ့အနေနဲ့ စင်ပေါ်မှာ ကြုံလာတဲ့ဖိုက်တာကို အကောင်းဆုံးထိုးသတ်နိုင်ခဲ့တယ်လို့ ပြောသွားတာလည်း တွေ့ရပါတယ်။

သွေးလင်းထက်ဟာ Fight IQ မြင့်ပြီး တစ်ပွဲနဲ့ တစ်ပွဲ မတူကွဲပြားတဲ့ ထိုးသတ်ပုံတွေနဲ့ ပြိုင်ဘက်ထိုးသတ်ပုံကို လိုက်ပြီး အလဲထိုးသတ်ကွက်တွေ အသုံးပြုနိုင်တဲ့ ထူးခြားတဲ့ဖိုင်တာပါ။ ပိုပြီးထူးခြားတာက သွေးလင်းထက်ဟာ One မှာ မြန်မာ့လက်ဝှေ့လူစွာဖြစ်နေတာကြောင့် ထိုင်းဖိုက်တာတွေနဲ့ချည်းတွေ့နေသလို ဒီလိုတွေ့လာတဲ့ ထိုင်းဖိုက်တာတွေထဲ ဘရာဇီးကို ဒိုင်အဆုံးအဖြတ်နဲ့ အရေးနိမ့်တာကလွဲရင် ကျန်တဲ့ငါးပွဲစလုံးအနိုင်ရထားပြီး ဘောနပ်စ်တင်လေးကြိမ်ရခဲ့သေးတာပါ။

ရှေ့မှာ စိုးလင်းဦး၊ သန့်ဇင် အပါအဝင် မြန်မာဖိုက်တာတွေ ငါးပွဲဆက် ရှုံးပွဲဆက်ထားချိန်မှာ သွေးလင်းထက် အနိုင်ဟာ မြန်မာဖိုက်တာတွေအဖို့ သိက္ခာဆယ်နိုင်ရုံသာမက အနိုင်ရချင်ရင် သွေးလင်းထက်လို ပြင်ဆင်ပါလို့ပဲ သတိပေးရတော့မှာပါ။
