
၂၂.၈.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ မြလေးရုံလမ်းတွင် ယနေ့ သြဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၄၆ မိနစ်ခန့်က ဖြစ်ပွားခဲ့သော တိုက်ခန်းမီးလောင်ကာ အမျိုးသားကြီးတစ်ဦး ဒဏ်ရာရရှိမှုမှာ ခြင်ဆေးခွေမီးထွန်းထားရာမှ လဲကျ၍ အောက်ခံကော်ခွက်ပေါ် မီးပွားကျသဖြင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ဖြစ်စဥ်တွင် ၆ ခန်းတွဲ ၄ ထပ်ရှိ ပထမအလွှာ၏ တိုက်ခန်း၌ ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ ၁၀ မိနစ်ကျော်ကြာမြင့်ခဲ့ပြီး သစ်သားခုံနှင့် ဝါယာကြိုးများဆုံးရှုံးခဲ့ကာ အသက် ၅၃ နှစ်အရွယ် အမျိုးသားကြီးမှာ မီးဟပ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“မီးလောင်ပြင်ရောက်တော့ အထဲမှာ လူရှိတယ်၊ လူရှိတယ် ဝိုင်းအော်ကြရော။ လူအားနဲ့ သူ့ကို ရအောင်ဆွဲထုတ်လာတာ။ ခန္ဓာကိုယ်က စလောင်နေပြီ။ သူ့ကို မြေပြင်ပြုစု လူနာတင်ယာဉ်ပေါ်ကောက်တင်ပြီး ဆေးရုံကို အမြန်ဆုံးမောင်းပေးခဲ့တယ်။ ဆေးရုံအချိန်မီရောက်ပြီး လိုအပ်တဲ့ကုသမှုတွေကြောင့် သူ အသက်ဆက်ရှင်နိုင်ခဲ့ပြီ”ဟု မေတ္တာညွန့်လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
မီးလောင်ဒဏ်ရာရရှိသူ အမျိုးသားကြီးကို မေတ္တာညွန့်လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၃ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
တိုက်ခန်းမီးလောင်မှုကြောင့် အသက် ၅၃ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၇တို့ဖြင့် တာမွေမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
